တနင်္သာရီတိုင်းဒေသကြီး နောက်ခံသမိုင်းမှတ်စုနှင့် ထားဝယ်မှတ်စု| Podcast

November 8, 2025,

Tanintharyi Gallery

ဒီစာအုပ်နှစ်အုပ်ကို ယှဉ်တွဲဖတ်မှတ်လိုက်မယ်ဆိုရင် အထူးသဖြင့်တော့ ထားဝယ်သမိုင်းကိုအတော်အတန်ပြည့်ပြည့်စုံစုံ သိမှတ်ခွင့်ရပါလိမ့်မယ်။

တနင်္သာရီရာဇဝင်တော်ကြီး နှင့် ယဉ်ကျေးမှုအမွေအနှစ်ရိုးရာဓလေ့များ

October 21, 2025,

Tanintharyi Gallery

တနင်္သာရီစာအုပ်စင်မှာ ပထမဆုံးညွှန်းချင်တဲ့ စာအုပ်ပါ။ ဦးသန်းစိုးဝင်း (တနင်္သာရီမြို့) ရေးသားပြုစုပြီး ဓမ္မသံတော်ဆင့်စာပေက ၂၀၀၇ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။

တနင်္သာရီမြို့ဆိုတာ တနင်္သာရီဒေသထဲက မြို့ငယ်လေးတခုဆိုပေမဲ့ ရှေးမြို့ဟောင်းတခုအနေနဲ့ရော၊ ထူးခြားတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ရော ထင်ရှားပါတယ်။

ဒီမြို့လေးကနေ မြို့သမိုင်းကြောင်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို မှတ်တမ်းတင်ရေးသားပြုစုနိုင်တာ ဂုဏ်ယူစရာပါ။ ဒီစာအုပ်မှာ တနင်္သာရီရာဇဝင်တော်ကြီး ပထမတွဲ ၊ ဒုတိယတွဲ၊ တတိယတွဲ လို့ ခွဲထားပြီး စာမျက်နှာ ၂၂၀ နီးပါး တင်ပြထားပါတယ်။

ပထမတွဲမှာတော့ တနင်္သာရီမြို့ရဲ့ သမိုင်းကြောင်းကို ပြုစုထားပါတယ်။ ဒီအပိုင်းမှာ တနင်္သာရီသမိုင်းအပြင် တနင်္သာရီမြို့ရဲ့ထင်းရှားတဲ့ ခေါသရပ်ရာဇဝင်၊ နဂါးလှေတော်ရာဇဝင်နဲ့ ရှင်မအောင်သာ ကျောက်တိုင်အကြောင်းကိုပါ ရှင်းလင်းတင်ပြထားပါတယ်။ တနင်္သာရီမြို့ (၃၂) မြို့ရဲ့ ရှေးအမွေအနှစ်များအကြောင်းကိုလည်း တင်ပြထားပါတယ်။

ဒုတိယတွဲမှာတော့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို ပြည့်ပြည့်စုံစုံဖတ်ရမှာပါ။ နဂါးလှေတော်ဓလေ့၊ မင်္ဂလာဧဇာခေါ်ခြင်း၊ ဝဲဘွဲ့ဖွဲ့ဆိုခြင်းနဲ့ ရေလယ်သံအကြောင်းတို့ကို သိမှတ်ရမှာဖြစ်သလို မင်္ဂလာဆောင်ယဉ်ကျေးမှုဓလေ့တခုဖြစ်တဲ့ ကွမ်းထည့်မင်္ဂလာဓလေ့ကိုလည်း သိမှတ်ရမှာပါ။

တနင်္သာရီရဲ့ ရှေးဟောင်းသားချော့တေး၊ ထမင်းခွံ့မင်္ဂလာ၊ မင်္ဂလာဂေါင်စည်အတီးအက၊ ဆေးမင်ကြောင်ဓလေ့၊ မီးကြာခွက်မျှောဓလေ့၊ ကုလားကျားလို့လူသိများတဲ့ လူကျားကဓလေ့နဲ့ တနင်္သာရီစကားတို့ကို ဖတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒီအတွဲမှာပဲ တနင်္သာရီဒေသသားတို့ မွေးဖွားတာကနေ ကွယ်လွန်တဲ့အထိ ရိုးရာဓလေ့အကျဉ်းကိုလည်း ဖော်ပြထားပါတယ်။

တတိယတွဲမှာတော့ တနင်္သာရီဘူမိဗေဒဖြစ်စဉ်၊ လူရေစီးကြောင်းပြမြေပုံ၊ ကုန်သွယ်‌ရေးကွန်ရက်ပြမြေပုံတို့ကို တင်ပြထားတာမို့ ခေတ်အမြင်အတွေးတို့ကိုလည်း တွေ့မြင်နိုင်တဲ့စာအုပ်တစ်အုပ်ပါ။

ဒါ့အပြင် တနင်္သာရီနဲ့ထိတွေ့ဆက်ဆံခဲ့ရတဲ့ ထိုင်းမင်းဆက်များသမိုင်း၊ တနင်္သာရီမြို့ဟောင်းပြမြေပုံ၊ တနင်္သာရီအကြောင်း နိုင်ငံခြားသားမှတ်တမ်းတွေကိုလည်း ရှာဖွေတင်ပြထားတာမို့ မြို့အတွက်ရော၊ တိုင်းဒေသကြီးအတွင်းက သမိုင်းဝါသနာရှင်များအတွက်ပါ တန်ဖိုးထားသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ကြောင်း မိတ်ဆက်တင်ပြလိုက်ပါတယ်။

ထားဝယ်ရှေးယဉ်ကျေးမှု အထောက်အထားများ

February 19, 2025,

Tanintharyi Gallery

ဒီတစ်ပတ် Tanintharyi Gallery ရဲ့ စာအုပ်စင်မှာ တင်ပြမယ့်စာအုပ်ကတော့ DDA က ၂၀၁၃ ခုနှစ် မတ်လမှာ ထုတ်ဝေခဲ့တဲ့ ဆရာဇော်(စိတ်ပညာ)ရဲ့ “ ထားဝယ်ရှေးယဉ်ကျေးမှု အထောက်အထားများ” ပဲ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ စာတမ်း(၃)စောင် ပါဝင်ပါတယ်။

(၁) ထားဝယ်ဒေသရှေးယဉ်ကျေးမှုအထောက်အထားများ။

(၂) တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိရှေးယဉ်ကျေးမှုအထောက်အထားများ (သုဝဏ္ဏဘူမိခေတ် (သို့) အကြိုသမိုင်းကာလ)။

(၃) ထားဝယ်ဒေသရှေးယဉ်ကျေးမှုအထောက်အထားများ (အကြိုသမိုင်းကာလနှင့်ပျူခေတ်) တို့ဖြစ်ပါတယ်။

စာမျက်နှာ (၈၈)မျက်နှာ ရှိပါတယ်။

ထားဝယ်ဒေသရှေးယဉ်ကျေးမှု အထောက်အထားများ စာတမ်းကတော့ ထားဝယ်ဒေသသမိုင်းကြောင်းကို ပြုစုခဲ့တဲ့ စာအုပ်များအကြောင်းနဲ့ ထားဝယ်မြို့ဟောင်းများအကြောင်းကို အကျဉ်းမျှ တင်ပြထားပါတယ်။

မြို့ဟောင်းတွေထဲက သာဂရမြို့ဟောင်း၊ မုတ္ထီးမြို့ဟောင်း၊ ဝေဒီမြို့ဟောင်း၊ ဆင်ဆိပ်(သို့) ညောင်ခရားမြို့ဟောင်းအကြောင်းတွေကို ဖော်ပြထားပါတယ်။

ဒုတိယစာတမ်းကတော့ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရှေးယဉ်ကျေးမှုအထောက်အထားများ (သုဝဏ္ဏဘူမိခေတ်(သို့) အကြိုသမိုင်းကာလ)ပါ။ ဒီစာတမ်းမှာတော့ တနင်္သာရီတိုင်းအတွင်းက ကျောက်ခေတ်သစ်ဓလေ့နဲ့ မဟာသေလာကိုးကွယ်မှု၊ ကြေးခေတ်နဲ့ ဂဝံယဉ်ကျေးမှုလက္ခဏာတွေကို တင်ပြထားပါတယ်။

တတိယစာတမ်းကတော့ ထားဝယ်ဒေသရှေးယဉ်ကျေးမှု အထောက်အထားများ (အကြိုသမိုင်းကာလနှင့် ပျူခေတ်) ဖြစ်ပါတယ်။ ပထမစာတမ်းနဲ့ ဆက်စပ်နေတဲ့ စာတမ်းတစ်စောင်ပါ။ ဒီစာတမ်းမှာတော့ ထားဝယ်ဒေသအတွင်းတွေ့ရတဲ့ ဓလေ့နဲ့ အထောက်အထားတွေကို အလေးပေးတင်ပြထားပါတယ်။

ကျောက်ခေတ်သစ် အထောက်အထားတွေဖြစ်တဲ့ လက်နက်တွေအကြောင်း၊ ပျူယဉ်ကျေးမှုဓလေ့တွေဖြစ်တဲ့ အုတ်ချပ်ကြီးများနဲ့ လက်ရေးစင်းပါအုတ်ချပ်တွေအကြောင်း၊ သာဂရမြို့ဟောင်းမှာတွေ့ရတဲ့ အရိုးအိုးဓလေ့အကြောင်း၊ ဒင်္ဂါးနဲ့အုတ်ခွက်ဘုရား၊ ပုတီးတွေအကြောင်းကို အကျဉ်းတင်ပြထားပါတယ်။

သာဂရမြို့ဟောင်းအပါအဝင် ထားဝယ်ရှေးမြို့ဟောင်းတွေအကြောင်းကိုလည်း အနည်းငယ် တင်ပြထားတာကို တွေ့ရပါတယ်။

စာတမ်းသုံးစောင်စလုံးမှာ ဓာတ်ပုံမှတ်တမ်းတွေနဲ့မို့ ထားဝယ်ဒေသရှေးဟောင်းယဉ်ကျေးမှုကို လျှပ်တစ်ပြက် လေ့လာလိုသူတွေအတွက် ဖတ်မှတ်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ် ဖြစ်ကြောင်းပါ။

ထားဝယ်ဓလေ့ လူမှုစီးပွားနှင့်ယဉ်ကျေးမှု

December 1, 2024,

Tanintharyi Gallery

ဒီတစ်ပတ် Tanintharyi Gallery ပရိသတ်အတွက် ညွှန်းဆိုချင်တဲ့စာအုပ်ကတော့ စာရေးဆရာကြီး “ရွှေဝယ်ဧ” ရဲ့ “ထားဝယ်ဓလေ့ လူမှုစီးပွားနှင့်ယဉ်ကျေးမှု” ဆိုတဲ့ စာအုပ်ပါ။

ဆရာကြီး ရွှေဝယ်ဧရဲ့ ဆောင်းပါးတွေကို စုစည်းပြီး Myanmar Knowledge Society က ၂၀၁၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့စာအုပ် ဖြစ်ပါတယ်။

ထားဝယ်ဒေသခံ စာရေးဆရာကြီးရွှေဝယ်ဧဟာ ထားဝယ်ရာဇဝင်သမိုင်းစာအုပ်ကို ပြုစုခဲ့သူဖြစ်သလို တချိန်က မဂ္ဂဇင်းအတော်များများမှာ ထားဝယ်ယဉ်ကျေးမှုဆောင်းပါးတွေကို ရေးသားပြုစုခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၇၈ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ဆရာကြီးကွယ်လွန်ခဲ့ပြီး ဖြစ်ပါတယ်။ ဆရာကြီးရဲ့ ထားဝယ်ယဉ်ကျေးမှု ဆောင်းပါးတွေကတော့ ပြန့်ကျဲလျက် ရှိနေခဲ့ပါတယ်။ အခုတင်ဆက်တဲ့စာအုပ်ဟာ ဆရာကြီးရဲ့ ဆောင်းပါးတွေကို ပထမဆုံးစုစည်းထုတ်ဝေခဲ့တဲ့ စာအုပ်ပါ။

ဒီစာအုပ်မှာ ဆောင်းပါးပေါင်း ၂၅ ပုဒ်ပါဝင်ပြီး စာမျက်နှာ ၁၇၀ ကျော် ရှိပါတယ်။

စာအုပ်ထဲမှာတော့ ထုတ်ဝေသူက အမည်ပေးထားတဲ့အတိုင်း ထားဝယ်ဒေသရဲ့ လူမှုစီးပွားလုပ်ငန်းတွေနဲ့ ထားဝယ်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ ဆောင်းပါးတွေကို စုစည်းထားတာ ဖြစ်ပါတယ်။

ရိုးရာယဉ်ကျေးမှုတွေထဲကဆိုရင် “ထားဝယ်သင်္ကြန်ပွဲ၊ ငါးခုံးမရေသွန်းပွဲအစ ထားဝယ်က၊ သျှင်မာလဲနှင့် ဝေဿန္တရာပွဲတော်၊ ထားဝယ်ထိမ်းမြားမင်္ဂလာ၊ သီတင်းကျွတ်လ ထားဝယ်ဒိန်းသံ၊ နာမသိဒ္ဓိဇာတ်ဒိန်းသံ၊ ထားဝယ်ရိုးကြက်ကိုး၊ ရှေးခေတ်ကျွဲတိုက်ပွဲဆောင်းပါးတွေ ပါဝင်ပါတယ်။

လူမှုစီးပွားအနေနဲ့ဆိုရင် ထားဝယ်ပွတ်ဆုံ ဆန်ကြိတ်ပုံ၊ ထားဝယ် ငါးပိလုပ်ငန်း၊ ထားဝယ်ဖျာရက်လုပ်ငန်း၊ ထားဝယ်မီးသွေးလုပ်ငန်း၊ ထားဝယ်အုတ်လုပ်ငန်း၊ ထားဝယ်ဘီးလုပ်ငန်း၊ ထားဝယ်ရက်ခမောက်များ၊ ထားဝယ်ဖက်ဓနိဆေးလိပ်၊ ထားဝယ်ဓနိဖက်၊ ပိန္နဲပျဉ် ဆောင်းပါးတွေ ပါဝင်ပါတယ်။

ပလွေရှောင်ရွာအကြောင်း ပုံပြင်ကိုလည်း ဖတ်မှတ်နိုင်သလို တချိန်က အခြေခံပညာမှာ ပြဋ္ဌာန်းခဲ့ဖူးတဲ့ ရေကြောင်းသွားလာရွက်နာဝါဆောင်းပါးကိုလည်း ဗဟုသုတဖြစ်ဖွယ် ဖတ်မှာရမှာပါ။

တကယ်တော့ ဆရာကြီး ရွှေဝယ်ဧ ရေးသားပြုစုခဲ့တဲ့ဆောင်းပါးတွေက ရာချီရှိတာပါ။ ခုစာအုပ်ထဲမှာတော့ဆောင်းပါး (၂၅)ပုဒ်သာ စုစည်းနိုင်သေးတာကြောင့် တန်ဖိုးရှိလှတဲ့ ထားဝယ်ရိုးရာ ယဉ်ကျေးမှုဆောင်းပါးတွေ မပျောက်ပျက်နိုင်ဖို့ တတ်နိုင်သူတွေက ဆက်လက်စုဆောင်း ထုတ်ဝေသင့်ကြောင်း တိုက်တွန်းချင်ပါတယ်။