လွန်ခဲ့သောနှစ်တစ်ရာကျော်က ထားဝယ်နှင့်ထားဝယ်ရေးရာဆောင်ပါးများ

June 22, 2024,

Tanintharyi Gallery

ဒီတပတ်တော့ မောင်လေးတင့် ရဲ့ “လွန်ခဲ့သောနှစ်တစ်ရာကျော်က ထားဝယ်နှင့်ထားဝယ်ရေးရာဆောင်ပါးများ” စာအုပ်ကို Tanintharyi Gallery စာအုပ်ချစ်သူတွေအတွက် ညွှန်းပေးပါရစေ။

ပါရမီစာပေက ၂၀၁၄ ခုနှစ် ဇန်နဝါရီလတုန်းက ထုတ်ဝေခဲ့တာဖြစ်ပြီး စာမျက်နှာ ၁၆၀ ကျော် ရှိပါတယ်။

ဒီစာအုပ်မှာ သမိုင်းဝင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) မော်ကွန်းတိုင်နှစ်တိုင်၊ ယုဒသန် အဘိဓာန်ထဲမှ ဝေါဟာရထူးများ၊ ဂျပန်ခေတ်ပညာရေး၊ မင်းတုန်းမင်းကြီးအား ထားဝယ်မှ ဆက်သသည့် ဆင်ဖြူတော်များ၊ ပုဂံခေတ် ထားဝယ်မြို့စားတို့၏ ဆုတောင်းစာများ၊ မီးပုံးပျံဦးကျော်ရင်နှင့် အင်္ဂလိပ်အရေးပိုင်၊ သမိုင်းဝင် ထားဝယ်နေ့စဉ် သတင်းစာ၊ ဆရာခ၏ ထားဝယ်ရာဇဝင်ပြဇာတ်၊ တနင်္သာရီဟူသောအမည်၊ ယဉ်ကျေးမှုထုံးဓလေ့ ချင်းဆင်တူပုံကလေးများ၊ ထားဝယ် သမိုင်းဝင်ခေါင်းလောင်းကြီး သုံးလုံး၊ ပုဂံခေတ်နှင့် ဆက်နွှယ်နေသော ထားဝယ်ယဉ်ကျေးမှုဓလေ့၊ လွန်ခဲ့သောနှစ်တစ်ရာကျော်က ထားဝယ်၊ ကိုလိုနီခေတ် ထားဝယ်(၁၉၂၈ -၁၉၃၁)၊ ထားဝယ်ဝေါဟာရနှင့်ပတ်သက်၍… ဆိုတဲ့ ဆောင်းပါး (၁၅)ပုဒ်ကို ဖတ်မှတ်ရမှာပါ။

သမိုင်းဝင်ဗမာ့ လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) မော်ကွန်းတိုင်နှစ်တိုင်ဆောင်းပါးမှာတော့ တောင်သုံးလုံးကျေးရွာမှာရှိတဲ့ ဘီအိုင်အေ ထားဝယ်မြို့သိမ်းမှတ်တိုင်နဲ့ ထားဝယ်မြို့ စည်ပင်ရုံဝင်းထဲမှာရှိတဲ့ ဘီအိုင်အေ အာဇာနည်ကျောက်တိုင်အကြောင်းကို သိခွင့်ရမှာပါ။

ပုဂံခေတ် ထားဝယ်မြို့စားတို့၏ ဆုတောင်းစာများ ဆောင်းပါးမှာတော့ ပုဂံခေတ်ကတည်းက ပုဂံနဲ့ထားဝယ်ဒေသ ဆက်စပ်ကူးသန်းမှု အထောက်အထားကို တွေ့ရမှာပါ။ ထားဝယ်မြို့နယ် ရှင်မုတ္ထီးဘုရားအနီးမှာ ၁၉၂၄ ခုနှစ်နဲ့ ၁၉၈၁ ခုနှစ်က တွေ့ရတဲ့ ကျန်စစ်သားမင်းလက်ထက် အုတ်ခွက်ရုပ်ပွားတော်တွေအကြောင်းကို ဖတ်မှတ်နိုင်ပါတယ်။

သမိုင်းဝင် “ထားဝယ်နေ့စဉ် ” သတင်းစာဆောင်းပါးမှာတော့ အစဉ်အလာကြီးမားတဲ့ ထားဝယ်ဒေသ သတင်းစာထုတ်ဝေမှု သမိုင်းကြောင်းကို သိခွင့်ရနိုင်ပါတယ်။ ၁၈၄၁ ခုနှစ်ကတည်းက ထားဝယ်မှာ စကောကရင်ဘာသာ၊၊ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ The Morning Star သတင်းစာထုတ်ဝေခဲ့ဖူးပြီး နှစ်၁၀၀ လောက် အဆက်ပြတ်သွားပြီးတဲ့နောက် ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလအတွင်း “ထားဝယ်နေ့စဉ်သတင်းစာ” ပေါ်ပေါက်ခဲ့ပါတယ်။

ထားဝယ်နေ့စဉ်သတင်းစာဟာ မြန်မာနိုင်ငံမှာ တို့ဗဗာအစည်းအရုံးနဲ့ ဗဗာ့လွတ်လပ်ရေးတပ်မတော်တို့က ဦးဆောင်ဖွဲ့စည်းပေးခဲ့တဲ့ ပထမဆုံး ကိုယ့်မင်းကိုယ့်ချင်း လွတ်လပ်သည့် တို့ဗဗာအစိုးရအဖွဲ့၏ အာဘော်အဖြစ် ထုတ်ဝေသော သတင်းစာဟု မှတ်တမ်းတင်ရမည်သာ…လို့ စာရေးသူ ဆရာမောင်လေးတင့်က မှတ်ချက်ပြုထားပါတယ်။ မြန်မာသတင်းစာသမိုင်း လေ့လာသူတွေ ဖတ်မှတ်သင့်တဲ့ ဆောင်းပါးတစ်ပုဒ်ပါ။

ယဉ်ကျေးမှုထုံးဓလေ့ချင်း ဆင်တူပုံလေးဆောင်းပါးမှာတော့ ထိုင်းနဲ့ထားဝယ် ယဉ်ကျေးမှုဆင်တူတာလေးတွေ (အထူးသဖြင့် နတ်ကိုးကွယ်မှု) ကို ဖတ်မှတ်ပြီး နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနဲ့ထားဝယ်ဒေသရဲ့ ကူးလူးဆက်ဆံမှုသမိုင်းကြောင်းတွေကို ဆဝါးနိုင်ကြမှာပါ။

အလားတူပဲ ကျန်တဲ့ဆောင်းပါးတွေမှာလည်း ထားဝယ်ဒေသသမိုင်းက သိထားသင့် သိထားထိုက်တဲ့ အချက်အလက်တွေကို စနစ်တကျ မှတ်တမ်းတင်ဖော်ပြ သုံးသပ်ပြထားတာမို့ ထားဝယ်ဒေသအကြောင်း စိတ်ဝင်စားသူ သုတေသီတွေ၊ ထားဝယ်ဒေသခံမျိုးဆက်သစ် သုတေသီတွေ စုဆောင်းဖတ်မှတ်သင့်တဲ့ စာအုပ်တအုပ်ဖြစ်ကြောင်း ညွှန်းဆိုပါရစေ။

ကားချပ်ပေါ်က ထား၀ယ်ရှေးအိမ်များ

June 18, 2024,

Tanintharyi Gallery

မြစ်ဖျားရေကိုလှမ်းမျှော်ခြင်း (ဦးဉာဏဝရ၊ ငြိမ်းအေးအိမ်)

June 2, 2024,

ဖိုးသန့်ကီး

ဒီတခါ ညွှန်းချင်တဲ့ စာအုပ်ကတော့ မြစ်ဖျားရေကို လှမ်းမျှော်ခြင်း လို့ အမည်ရတဲ့ စာအုပ်တအုပ်ပါ။

စာအုပ်နာမည်ကို ဖတ်မိပြီး မြစ်တွေ ချောင်းတွေ ရေတွေ အကြောင်း ရေးထားလိမ့်မယ်လို့ မထင်ပါနဲ့။ မဟုတ်ပါဘူး။

တကယ့်အကြောင်းကတော့ တနင်္သာရီတိုင်းမှာ ရှေးပဝေသဏီကတည်းက အဓိက အခြေစိုက် နေထိုင်လာခဲ့ကြတဲ့ ထားဝယ်သူ ထားဝယ်သားတွေရဲ့ ဇစ်မြစ်ကို လှမ်းမျှော်ကြည့်တာပါ။

ဗမာလူမျိုးစုထဲမှာ ထားဝယ်လို့ ထည့်ထားပေမဲ့ ဗမာနဲ့မတူတဲ့ဟန်၊ စကားသံ၊ လေယူလေသိမ်းနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု နဲ့ ရှေးကျတဲ့ ထားဝယ်မျိုးနွယ်စု သမိုင်းကို ခြေရာကောက်ထားတာပါ။

မြန်မာစာပေနယ်ပယ်မှာ လူသိများတဲ့ ထားဝယ်ဇာတိ ဆရာငြိမ်းအေးအိမ်ရဲ့ စာပေလက်ရာကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

ဆရာ့ရဲ့ ရေးဟန်ဟာ ဖတ်ရှုရ လွယ်ကူပြီး ဆွဲဆောင်မှုရှိတာကြောင့်လည်း ထားဝယ် သမိုင်းကို တူးဆွ တို့ထိ ထားပေမဲ့ အခြားသော သမိုင်းစာအုပ်တွေ ဖတ်ရသလို လေးလံနေမှာလည်း မဟုတ်ပါဘူး။

ပြီးတော့ ထားဝယ် အသံထွက်နဲ့‌ ရေးထားတဲ့ စာလေးတွေဟာ ငယ်စဉ်ကလေးဘဝ ကျေးလက်က မိသားစု ဘဝ တွေကို လွမ်းစရာဖြစ်စေပါတယ်။ အိမ်နဲ့ဝေးရာမှာ ပညာသင်နေရတဲ့ ဘဝကို အောက်မေ့စေပါတယ်။

ဆရာ့ရဲ့ စာကိုဖတ်ရင်း ထားဝယ်လူမျိုးတွေရဲ့ ဖြစ်တည်မှုကို ပိုပြီး လေးစားတန်ဖိုးထားလာမိပါတယ်။

ဘုန်းဘုန်း ဦးဉာဏဝရရဲ့ မျှဝေထားချက်မှာတော့ ထားဝယ်စကားကို မပြောတတ်လောက်အောင် ဖြစ်ခဲ့ပေမဲ့ မိခင်ဘာသာ ထားဝယ်စကားကို လေးစားဂုဏ်ယူစွာနဲ့ ပြန်လည်သင်ယူခဲ့တာကို ဖတ်ရမှာပါ။

ထားဝယ် လူမျိုးရဲ့ ဖြစ်တည်မှုအပေါ်မှာ ထားဝယ်သူ ထားဝယ်သားတွေကိုယ်တိုင်က တန်ဖိုးထားတတ်ဖို့ ဂုဏ်ယူတတ်ဖို့ မျှဝေထားတာပဲဖြစ်ပါတယ်။

ဒီစာအုပ်ကို Dawei Watch Publishing House ကနေထုတ်ထားတာဖြစ်ပါတယ်။ Dawei Watch သတင်းဌာနရဲ့ ဝဘ်ဆိုဒ်စာမျက်နှာမှာ ဖတ်ရှုလို့ရသလို ယူကျုစာမျက်နှာမှာလည်း အသံစာအုပ်အနေနဲ့ နားဆင်နိုင်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး နောက်ခံသမိုင်းမှတ်စုနှင့် ထားဝယ်မှတ်စု (မောင်လေးတင့်)

May 19, 2024,

Tanintharyi Gallery

ဒီတစ်ပတ် တနင်္သာရီစာအုပ်စင်အတွက် ညွှန်းချင်တဲ့စာအုပ်ကတော့ အမျိုးသားစာပေဆုရစာရေးဆရာ မောင်လေးတင့်ရဲ့ “တနင်္သာရီတိုင်းဒေသကြီး နောက်ခံသမိုင်းမှတ်စု” ပါ။ပါရမီစာပေတိုက်က ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ဝေခဲ့တဲ့စာအုပ်တစ်အုပ်ဖြစ်ပြီး စာမျက်နှာ ၃၈၆ မျက်နှာရှိပါတယ်။

စာအုပ်မှာ တနင်္သာရီတိုင်းဒေသကြီးနောက်ခံသမိုင်းမှတ်စု၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုများဆိုပြီး အပိုင်းနှစ်ပိုင်းခွဲပြုစုတင်ပြထားပါတယ်။

အပိုင်း(၁)မှာတော့ တနင်္သာရီဆိုတဲ့အမည်ကိုကြံဆပြထားပြီး တနင်္သာရီမြို့လေးရဲ့ တစ်ချိန်က အရေးပါခဲ့တဲ့သမိုင်းကြောင်းကိုပါ လျှပ်တစ်ပြက်တွေ့လိုက်ရပါတယ်။ တနင်္သာရီတိုင်းအတွင်းရှိ ရှေးမြို့ဟောင်းများအကြောင်း ဖော်ပြထားရာမှာတော့ ထားဝယ်ဒေသမှာရှိတဲ့ မြို့ဟောင်းများနဲ့ မြိတ်ဒေသမှာရှိတဲ့ မြို့ဟောင်းများရယ်လို့ ပိုင်းခြားတင်ပြထားပါတယ်။

ဒါ့အပြင် ပုဂံခေတ်ကစလို့ဗြိတိသျှကိုလိုနီခေတ်အထိသမိုင်းကြောင်းကိုလည်းတင်ပြထားပါတယ်။ ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ကြတဲ့ ထားဝယ်မြို့ဝန်တွေ၊ တနင်္သာရီမြို့ဝန်တွေ၊ မြိတ်မြို့ဝန်တွေစာရင်းကိုလည်းပြုစုဖော်ပြထားပါတယ်။ အလောင်းမင်းတရား၊ နောင်တော်ကြီး၊ ဆင်ဖြူရှင်မင်း၊ ဘိုးတော်ဘုရား စတဲ့ မြန်မာမင်းတွေနဲ့ဆက်ဆံရေး၊ နယ်နိမိတ်အပိုင်းအခြား၊ ကိုလိုနီခေတ်အုပ်ချုပ်ရေးအခြေအနေတွေကို ဖော်ထုတ်တင်ပြထားတာစိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။

သံလွင်မြစ်ကနေ ကော့သောင်းအထိ တနင်္သာရီဒေသတစ်ခုလုံး ဘာကြောင့် ကိုလိုနီနယ်ချဲ့ လက်အောက်အစောဆုံးကျရောက်သွားရတယ်ဆိုတာကို “ကျွန်ဖြစ်စောခဲ့သော တနင်္သာရီဒေသ” မှာလေ့လာနိုင်မှာပါ။

အပိုင်း(၂)ဖြစ်တဲ့ နယ်ချဲ့ဆန့်ကျင်ရေးနှင့်အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုများ မှာတော့ထားဝယ်နဲ့ မြိတ်မှာလှုပ်ရှားခဲ့တဲ့ ဂျီစီဘီအေ အကြောင်းအပါအဝင် ကျောင်းသားသပိတ်အကြောင်းနဲ့ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အရေးပါတဲ့ ဘီအိုင်အေ တနင်္သာရီတပ်မတော်၊ မြိတ်စစ်ကြောင်း မြိတ်ဘီအိုင်အေအကြောင်းတို့ကို ဖတ်မှတ်ရမှာပါ။ ဖက်ဆစ်တော်လှန်ရေးကာလ တိုင်း(၅)ဖက်ဆစ်တော်လှန်ရေး ဇေယျကျော်သူ တပ်ဖွဲ့အကြောင်းပြုစုတင်ပြထားလို့တိုင်းအတွင်းက လွတ်လပ်ရေးကြိုးပမ်းမှုသူရဲကောင်းများကိုပါ ဖတ်မှတ်ခွင့်ရခဲ့ပါတယ်။

စာအုပ်ရဲ့နောက်ဆုံးအခန်းတွေမှာတော့ စစ်ပြီးခေတ်လွတ်လပ်ရေးကြိုးပမ်းမှုကိုဖော်ပြထားပါတယ်။ အထူးသဖြင့် ထားဝယ်ဒေသတွင်းစစ်ပြီးခေတ် လွတ်လပ်ရေးကြိုးပမ်းမှုကိုဖော်ပြတာအလေးကဲပါတယ်။

ချုပ်၍ဆိုရမယ်ဆိုရင်တော့ ဒေသတွင်းလှစ်ဟာနေတဲ့ သမိုင်းကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးတဲ့စာအုပ်တစ်အုပ်လို့သုံးသပ်ချင်ပါတယ်။ ဒီစာအုပ်နဲ့တစ်ဆက်တည်း တွဲလျက်ဖတ်မှတ်သင့်တဲ့စာအုပ်ကတော့ မောင်လေးတင့်ပဲပြုစုထားတဲ့ “ထားဝယ်မှတ်စု”စာအုပ်ပါ။

ဒီစာအုပ်ကိုတော့ ပါရမီစာပေတိုက်ကပဲ ၂၀၁၉ ခုနှစ်အောက်တိုဘာလမှာ ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်နှစ်အုပ်ကို ယှဉ်တွဲဖတ်မှတ်လိုက်မယ်ဆိုရင် အထူးသဖြင့်တော့ ထားဝယ်သမိုင်းကိုအတော်အတန်ပြည့်ပြည့်စုံစုံ သိမှတ်ခွင့်ရပါလိမ့်မယ်။ဗြဟ္မာကြီးတွေ၊ဗျာဒိတ်တွေ၊နတ်သိကြားတွေနဲ့ ဖွဲ့ယှက်ထားတဲ့ ဒဏ္ဍာရီဆန်ဆန်သမိုင်းစာအုပ်မဟုတ်တဲ့အတွက် အထူးလေ့လာသင့်တဲ့စာအုပ်တစ်အုပ်ဖြစ်ကြောင်းပါ။

ရှေးလက်ရာ ဘုရားကျောင်းတော်

April 23, 2024,

ဂျွန်

ရေဖြူမြို့နယ်မှာရှိတဲ့ ကရင်လူမျိုးအများစုနေထိုင်ကြတဲ့ ရွာကလေးတရွာရဲ့ ဝတ်ပြုရာ ဘုရားကျောင်းတဆောင်ပါ။ ဘုရားကျောင်းပုံစံအရ ရှေးလက်ရာတခုလို့ ခန့်မှန်းရပါတယ်။

ထူးခြားချက်လေးကတော့ နေရာအတော်များများမှာ မြင်ရလေ့ရှိတဲ့ ဘုရားကျောင်းတွေရဲ့ တည်ဆောက်ထားဟန် နဲ့ ကွဲလွဲနေတာပါ။ မြန်မာပြည်က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေမှာ မြင်ရလေ့ရဲ့ မြန်မာမှုဗိသုကာဟန် နဲ့ ပေါင်းစပ်ပြီး ဒီသစ်သားကျောင်းတော်ကြီးကို တည်ဆောက်ခဲ့ကြဟန်တူပါတယ်။

တနင်္သာရီတိုင်းမှာ ဗုဒ္ဓဘာသာများသာမက အခြားသော ဘာသာဝင်များစွာရှိပြီး အချင်းချင်း သဟဇာတ ရှိစွာနေထိုင်လာခဲ့ကြပါတယ်။

စာရေးသူအနေနဲ့ကတော့ ဒီဘုရားကျောင်းဆောင်ကြီးကို ဘယ်သူတွေ ဒီဇိုင်းဆွဲပြီး ဆုံးဖြတ်တည်ဆောက်ခဲ့ကြသလဲ။ ဘယ်ခုနှစ်ကလဲ။ ဘာလို့ဒီလို ဒီဇိုင်းပုံစံ လက်ရာဟန်ထွက်လာသလဲ ဆိုတာကို စိတ်ဝင်စားလှပါတယ်။ ပြီးတော့ ဒီဘုရားကျောင်းကြီးကို အခုထိရှိသေးလားဆိုတာကိုလဲ စိတ်ဝင်စားနေမိပါတယ်။

ဒီပုံက ကိုဗစ်မဖြစ်ခင် နှစ်က ရိုက်ယူထားခဲ့တာမို့ အခုဆို ၅ နှစ်လောက်ရှိနေခဲ့ပါပြီ။ ပုံထဲမှာတော့ ဒီဘုရားကျောင်းကြီးကိုတော့ ရွာသူရွာသားတွေက အသုံးပြုဆဲ ထိန်းသိမ်းထားဆဲဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ လျှပ်တပြက် အမှတ်မထင်ပါပဲ ဒီဘုရားကျောင်းကြီးကိုတွေ့လို့ အပြင်ကနေပဲ ဓာတ်ပုံ တပုံပဲ ရိုက်ခဲ့ရပါတယ်။

ဒီလိုမျိုးထူးခြားတဲ့ သာသနိကအဆောက်အအုံတွေ တနင်္သာရီမှာ ရှိဦးမယ်လို့ မျှော်လင့်ရပါတယ်။