ရဟယ်ရှင်

December 24, 2024,

Tanintharyi Gallery

“ရဟယ်ရှင်” သီချင်းစာသားကို ဖော်ပြလိုက်ပါတယ်။ မူရင်း တေးရေးသူရဲ့ အရေးအသား မဟုတ်ပါဘူး။ ထား၀ယ်စာ အရေးအသားနဲ့ ပတ်သတ်ပြီး ဆွေးနွေးငြင်းခုန်လာကြဖို့ ရည်ရွယ်ဖော်ပြတာ ဖြစ်ပါတယ်။

“ရဟယ်ရှင်” သီချင်းကို နားဆင်းပြီ အကြောင်းအရာ အရေးသားတွေနဲ့ ပက်သက်ပြီး ဆွေးနွေးငြင်းခုန်ချက်တွေကို စောင့်မျှော်နေပါတယ်။

သီချင်းကို နားဆင်းရန် >>>>

ဆရာဇော်ဂျီ၏ ထားဝယ်တေးဟောင်းများ

December 20, 2024,

ကိုဆောင်း

မြန်မာစာ စာပေနယ်ပယ်တွင် ကျော်ကြားသော ဆရာဇော်ဂျီက ထားဝယ်တေးဟောင်းများနှင့် ပတ်သက်၍ စာပေလောကဟူသော စာအုပ်တွင် အခန်းတစ်ခန်းရေးသားခဲ့သည်။ ထိုစာအုပ်မှာ ဆရာဇော်ဂျီနှင့် ဆရာကြီး မင်းသုဝဏ်တို့ နှစ်ဦးရေးခဲ့ခြင်းဖြစ်သည်။ စာအုပ်မှာ လွန်ခဲ့သော ၁၉၄၈ ခုနှစ်ကတည်းက ပထမ အကြိမ်ထုတ်ဝေခဲ့သော စာအုပ်ဖြစ်သည်။

ထားဝယ်ဒိန်းသံ ဟူသော မြန်မာဂီတရှိ သီချင်းများရှိကြောင်း ဆရာကဆိုသည်။ ဒိန်းသည်ဟူသော စကား၏ အနက်ကို ဆရာက မှတ်တမ်းတင်ခဲ့သည်။ ထိုမျှမကသေး ထားဝယ်တေးကဗျာများအကြောင်းကို နောက်ခံ၊ ကာလ ဒေသ အချိတ်အဆက်နှင့် အနက်အဓိပ္ပါယ်ကို ဆရာက ဆွေးနွေးထားခဲ့သေးသည်။

ပုဂံခေတ်ကျောက်စာအချို့တွင် သုံးသော အသုံးအနှုန်းများနှင့် ထားဝယ်စကားအသုံးအချို့ တူညီနေသည့်အချက်ကိုလည်း ဆရာက ကျောက်စာပါ အရေးအသား အထောက်အထား အချို့နှင့် ယှဉ်၍ ထည့်သွင်း ဖော်ပြထားခဲ့သည်။ အထူးသဖြင့် (လ) အသံနှော၍ ပြောသည်ကို ထောက်ပြခဲ့ခြင်းဖြစ်သည်။

ဆရာ၏ မှတ်တမ်းတွင် ယခုခေတ်ထားဝယ်သူ/သားများနှင့် မစိမ်းလှသေးသော ထားဝယ်တေးအချို့လည်း ပါသလို ယခုအခါတွင် ကြားရ သိရ ခဲလှသော စာချိုးကလေးများ ကဗျာအတိုကလေးများလည်း ပါနေသည်။

ရှင်တောင့်ပုံတေး၊ မိုးမဝါဘဲကြာလေဘီ ကဗျာ၊ ကွဲသားနှေ့ကောန် ကဗျာနှင့် ကောထောန်းပွဲ တို့မှာ ယနေ့တိုင် မစိမ်းလှသေးသော်လည်း ကျနော်တို့နှင့် စိမ်းနေသော စာချိုးအချို့လည်း ဖတ်ရသည်။ စိတ်ဝင်စားဖွယ်ရာ ထားဝယ်တေးဟောင်းများအကြောင်းဖြစ်ပါသည်။ ထားဝယ်သူ/သားများ၏ ဂီတအနုပညာဖွဲ့နွဲ့မှုကို ထင်ဟပ် နေသည့် မှတ်တမ်းများဖြစ်ပါသည်။

ပုံ/ ၂၀၁၅ခုနှစ်တွင် ပဉ္စမအကြိမ်အဖြစ် စိတ်ကူးချိုချိုစာအုပ်တိုက်မှထုတ်ဝေထားသော စာအုပ်

အခေါ်အဝေါ်များကို ဒေသမှုပြုခြင်း

November 30, 2024,

ဖိုးသံ့ကီး

ထားဝယ်စကားသည် သူ့လေသံ သူ့ဟန် နှင့် ကျကျနနရှိသည်။

သို့ရာတွင် ဘာသာစကားတို့၏ ထုံးစံအတိုင်း သုံးစွဲသော ကာလ၊ ဒေသနှင့် သုံးစွဲသူများ၏ အာသီသအလျောက် ပြောင်းလဲနေခဲ့သည်။ ယနေ့ခေတ်ကဲ့သို့ ကမ္ဘာ အရပ်ရပ်တွင် ပစ္စည်း အသစ်အဆန်းများ၊ ဝေါဟာရ အသစ်များ၊ ဘန်စကား၊ စကားပုံနှင့် စကားလိမ် အသစ်များစွာ ပေါ်ထွက်နေရာ ထိုစကားလုံးအသစ်များကို ဘာသာစကားအားလုံးသို့ ပြန်ဆိုရန်မှာ ခက်လှသည်။

သို့သော် ထားဝယ်စကားတွင်လည်း စကားလုံးအသစ်များကို ထားဝယ်များက ထားဝယ်သံနှင့် ခေါ်ကြသည်မှာ ရှေးကတည်းက ဖြစ်သည်။ တချို့စကားလုံးများကို မူရင်းအသံအတိုင်းခေါ်၍ မွေးစားလိုက်သလို တချို့မှာ မူလ အသံထွက်နှင့် အနည်းနှင့်အများဆိုသလို ကွဲလွဲသည်လည်း ရှိသည်။ အချို့မှာ နားလည်သလိုခေါ်ရင်းက မူလ စကားလုံး၏ အမည်နှင့် လုံးဝ ကွဲလွဲသွားသည်လည်း ရှိသည်။

ကက်ဆက် ဆိုပါစို့။ ယင်း၏ မူလမှာ cassette ဖြစ်သည်။ ကက်ဆက် အခွေမှ သီချင်း၊ အသံသွင်းထားသည့် ဇာတ်လမ်း၊ တရား၊ ပို့ချမှုများ နားထောင်ခဲ့ကြမည် ဖြစ်သည်။ ထိုကက်ဆက် ဟူသော စကားလုံးကို ထားဝယ်များက ကစ်စစ် ဟူ၍ ခေါ်၏။ စက်ဘီးမှာ စစ်ဘီး ဖြစ်သွားပြီး စက်သီးမှာလည်း စစ်သီး ခေါ်၏။ မြန်မာ အသုံး သံတူရွင်းမှာ သံတဝမ်း ဖြစ်သွားသည်။

ရှာလပတ်ရည် ဆိုပါစို့။ သစ်သီးနှင့် ပွင့်ဖတ် တို့ကို ဖျော်သည့် သောက်စရာအရည်မျိုး ဖြစ်သည်။ မူရင်းမှာ ပါရှန်း ဘာသာက လာသည်ဟူဆို၍ အင်္ဂလိပ်စကားလုံး Sharbat ဟုခေါ်ကြသည်။ တူရကီ၊ အာရပ်နိုင်ငံများ၊ အိန္ဒိယနှင့် ဘင်္ဂလားရှေ့ဒ် စသည့်နိုင်ငံများတွင် သုံးသည်။ ထားဝယ်အခေါ် မှာတော့ /ရှာဖတ်ရယ်/လျှာဘတ်ရယ်/ ဟု တွင်သည်။

မူလအသုံးအတိုင်း မွေးစားသည်ကတော့ များလှသမို့ များစွာရေးရန် မရှိ။ ဥပမာ – ပလာတူး ငါး၊ ကွန်ပျူတာ၊ မာဆလာ၊ ပန်ကာ။

တလောက ထားဝယ်အချို့သုံးနေသော ထူးထူးဆန်းဆန်း စကားလုံးတခုကို ကြားရခဲ့သည်။

သူတို့က ရှမ်းနှီး ဟုခေါ်သည်။ ဘာကိုခေါ်သလဲဟု မေးမြန်းကြည့်တော့ ဝိုင်ယာများစည်းရာတွင် အသုံးတွင်လာကြသည့် Cable ties/ Zip ties, Wire ties များကို ခေါ်သည်ဟု ဆိုသည်။ အဘယ်ကြောင့် သည်လိုခေါ်သနည်းဟု မေးကြည့်တော့ ရှမ်းကမ်းကလာလို့ဟု ရှမ်းထဲမှာ သုံးကြလို့ဟု ပြောသည်။

သူတို့ပြောသော ရှမ်းမှာ ထိုင်း နိုင်ငံ ကို ညွှန်းခြင်း။ နှီးဆိုသည်က အများသိပြီးကြသည့်အတိုင်း ချည်နှောင်ရန်ပါးလျလျစိတ်ဖြာထားသည့် ဝါးနှီး ကို ဆိုလိုခြင်း။

ဆိုတော့ ရှမ်းနှီး ဆိုတော့ ထိုင်းကလာသည့် ချည်စရာနှီး/ကြိုးဖြစ်သည်ဟု သူတို့ဆိုလိုဟန် ရှိသည်။ သူတို့လို အများက သုံး မသုံး မသိ။ ဒါပေသိ သည်လိုလည်း ထားဝယ်မှုပြုလိုက်သည်ကိုတော့ သတိထား မိလိုက်သည်။

ထားဝယ် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲ

November 14, 2024,

တွေ့ရနည်းသွားတဲ့ ထားဝယ်မုန့်တွေ

October 20, 2024,

Tanintharyi Gallery

တချိန်က သီတင်းကျွတ်

October 16, 2024,

Tanintharyi Gallery

သီတင်းကျွတ်ပါပြီ။

ခါတိုင်း ဒီလိုညမျိုးက ထားဝယ်မအိပ်တဲ့ညပဲ။

တမြို့လုံး မီးရောင်စုံတွေနဲ့၊ သီချင်းသံတွေနဲ့၊ ဆိုင်ကယ်သံတွေနဲ့ လမ်းတွေပေါ်မှာ အသွားအလာ မပြတ်။

အထူးသဖြင့် ကမ်းနားလမ်းမှာဆို ကြိတ်ကြိတ်တိုး။ အနယ်နယ်အရပ်ရပ်က လာကြတဲ့ ဘုရားဖူးကားတွေ၊ ဧည့်သည်တွေနဲ့။ ထားဝယ်ရိုးရာအကအဖွဲ့ကလွင့်ပျံ့လာတဲ့ ထားဝယ်သီချင်းသံတွေနဲ့။

တချို့ကလည်း ခုလို လဆန်းရက်ညကစလို့ ထားဝယ်မြစ်ကြောင်းတစ်လျှောက်ကမ်းနားတွေမှာ သပိတ်မျှောကြ။

တချို့ကလည်း ကမ်းနားလမ်းမှာရှိတဲ့သဲကွင်းမှာ ဝင်္ကဘာထဲဝင်လမ်းလျှောက်ကြပြီး ကမ်းနားမှာ သပိတ်မျှောကြနဲ့။

ညခင်းဟာ ပျော်စရာ၊ အရုဏ်ဦးဟာ ကြည်နူးစရာ။

လပြည့်နေ့ မနက်စောစောသပိတ်မျှောပြီးရင် ထားဝယ်မြစ်တဖက်ကမ်းမှာရှိတဲ့ ကဘူရွာ၊ ကဘူတောင်ပေါ်သွားပြီး မီးပုံးပျံလွှတ်ပွဲ ဆင်နွှဲကြတာ ကမျောကင်းတံတားမှာ လမ်းတွေပိတ်ဆို့သွားတဲ့အထိ။

ဒါတွေဆင်နွှဲပြီးရင် တချို့ကလည်း ကမ်းခြေတွေဘက်ခရီးဆက်ရင်း သီတင်းကျွတ်အားလပ်ရက်ကို ဖြတ်သန်းကြပြန်တယ်။

ခုတော့လည်း..ပြောပြစရာမလိုတဲ့ အခြေအနေတွေကြောင့် ဆယ်စုနှစ်ပေါင်းများစွာဖြစ်တည်ခဲ့တာတွေလည်း အိပ်မက်ပမာဖြစ်ခဲ့ရပါပြီ။

ကိုလိုနီခေတ် ထားဝယ်မြို့မှ ရှေးဟောင်းအဆောက်အအုံများ

September 20, 2024,

Tanintharyi Gallery

ဒီတစ်ပတ် Tanintharyi Gallery စာအုပ်စင်အတွက် ညွှန်းချင်တဲ့စာအုပ်ကတော့ ပန်းချီအောင်ကျော်မျိုးရဲ့ “ကိုလိုနီခေတ် ထားဝယ်မြို့မှ ရှေးဟောင်းအဆောက်အအုံများ” စာအုပ်ပဲဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ တကယ့်ကိုထူးထူးခြားခြားပါ။

ဓာတ်ပုံဆရာတွေရဲ့ ဓာတ်ပုံလက်ရာတွေကို စာအုပ်အဖြစ်စုစည်းထုတ်ဝေတာ တွေ့ရပေမဲ့ ပန်းချီဆရာတစ်ယောက်ရဲ့လက်ရာတွေကို စုစည်းထုတ်တဲ့ စာအုပ်မျိုးကတော့ ရှားပါတယ်။

နောက်တစ်ခု ထူးခြားတာက ထားဝယ်မြို့က ရှေးဟောင်းသာသနိကအဆောက်အအုံ၊ ရှေးဟောင်းအိမ်တွေကို အချိန်ယူရေးဆွဲ မှတ်တမ်းပြုထားနိုင်တာပါ။

တချို့အဆောက်အအုံတွေဆို ပန်းချီကားအနေနဲ့ မှတ်တမ်းတင်ထား နိုင်ပေမဲ့ လက်ရှိမှာတော့ ဘယ်တော့မှပြန်လည်မြင်တွေ့ခွင့်မရတော့မယ့် အဆောက်အအုံတွေပါ။ ဥပမာ – ကညုံရပ်ကွက်ထဲက ရှေးဟောင်းစာတိုက်ရုံး၊ကြေးနန်းရုံး၊ မြောက်ရွာရပ်ကွက်ထဲက ဦးဘာလေအိမ်တို့ဟာ ဒီဘက်ခေတ် လူငယ်တွေမြင်ခွင့်မကြုံတော့ပါ။

ရှေးဟောင်းထားဝယ်စာတိုက်၊ ကြေးနန်းရုံးတို့ရဲ့ကိုလိုနီခေတ် လက်ရာ ပျဉ်ထောင်အဆောက်အအုံကြီးရဲ့ ခမ်းနားမှုကို ဒီပန်းချီကားချပ်တွေမြင်တော့ ပြန်လွမ်းမိပါတယ်။

အစိုးရရုံးလမ်းထောင့်မှာတည်ရှိခဲ့ဖူးတဲ့ ဆောက်လုပ်ရေးရုံးဟောင်းပုံကိုတော့ ဒီစာအုပ်မှာမတွေ့ရပေမဲ့ ရှာဖွေမှတ်တမ်းပြုနိုင်ပါစေလို့ ဆရာအောင်ကျော်မျိုးကို တိုက်တွန်းပါရစေ။

ဆရာအောင်ကျော်မျိုးရဲ့စာအုပ်မှာပါတဲ့ ပန်းချီကားမှတ်တမ်းတွေကို ကိုလိုနီခေတ် ၊ ရှေးအဆောက်အအုံများနဲ့ ထားဝယ်ဝန်းကျင်တစ်ခွင်မှ အထင်ကရနေရာများ ဆိုပြီး နှစ်ပိုင်းခွဲတင်ပြထားပါတယ်။ စုစုပေါင်း ပန်းချီကား (၁၁၇) ကားကိုမှတ်တမ်းပြုရေးဆွဲထားတာကို တွေ့မြင်ရပါမယ်။

ဒီနေရာမှာ ပန်းချီကားတွေကိုကြည့်ပြီး ဖြတ်သန်းကြုံတွေ့ခဲ့ဖူးသူတွေအနေနဲ့ ရသ တစ်ခုခုကိုလည်းခံစားကြရမှာပါ။ မျက်စိအောက်မှာတင် ပြောင်းလဲသွားတဲ့ မြင်ကွင်းတွေ၊ အဆောက်အအုံတွေကိုကြည့်ပြီး သံဝေဂလည်းရကြမှာပါ။

တစ်ချိန်က ကြီးကျယ်ခမ်းနားမှုတွေ အချိန်ကာလရေစီးကြောင်းနဲ့အတူ မလွန်ဆန်နိုင်တဲ့ပြောင်းလဲမှုတွေကိုတွေ့ရမှာပါ။

ဒီစာအုပ်ထဲမှာ တန်ဖိုးရှိတဲ့ အရာတစ်ခုပါပါတယ်။ဒါကတော့ ထားဝယ်ခရိုင်ပန်းချီပန်းပုအစည်းအရုံး နာယက ပန်းချီဆရာကြီး ဦးထွန်းကြည်ရဲ့ ‘အလင်္ကာကျော်စွာဆရာကြီးဦးငွေကိုင်၏ပန်းချီမျိုးဆက်” ဆိုတဲ့ နာယက၏ မိတ်ဆက်စာတမ်းပါ။

ဒီစာတမ်းထဲမှာပါတဲ့ အချက်အလက်တွေက ထားဝယ်ဒေသပန်းချီသမိုင်းကို ဖြည့်ပေးထားတာပါ။ ထားဝယ်ဒေသကနေ နိုင်ငံကျော် ပန်းချီ၊ပန်းပုဆရာကြီးတွေ ပေါ်ထွန်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ သမိုင်းမှတ်တမ်း အနေနဲ့ ကျမ်းတစ်စောင်ပေတစ်ဖွဲ့ ထွက်ပေါ်ခဲ့ဖူးခြင်းမရှိတာတွေ့ရပါတယ်။

ဆရာကြီးဦးထွန်းကြည်ရဲ့ မိတ်ဆက်စာတမ်းကတော့ ဒေသတွင်းပန်းချီသမိုင်းကို လျှပ်တစ်ပြက်စုတ်ချက်ဆွဲ လိုက်တယ်လို့ဆိုချင်ပါတယ်။ (တတ်နိုင်သူများ သုတေသီများဆက်လက်ပြုစုသင့်ပါတယ်။)

ချုပ်ပြီးညွှန်းဆိုရရင်တော့ သိမ်းဆည်းထားအပ်တဲ့ မှတ်တမ်းစာအုပ်ကောင်းတစ်အုပ်ပါ။ဒီစာအုပ်ကို ထားဝယ် ခရိုင်ပန်းချီ၊ပန်းပုအစည်းအရုံးက ထုတ်ဝေပြီး သန့်ဇင်အောင်စာပေကဖြန့်ချိတာပါ။တစ်အုပ်လုံးကိုကြွေစက္ကူနဲ့

ရိုက်နှိပ်ထားပြီး ကျပ် ၁၈၀၀၀ နဲ့ဖြန့်ချိတာပါ။

ကျွန်တော်တို့ရဲ့ တနင်္သာရီတိုင်းထဲက မှတ်တမ်းတွေလည်း စာတစ်စောင်ပေတစ်ဖွဲ့ ပြုစုနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

အောက်ခေါင်းကြီး (စိုးဘားဒိုင်)

August 13, 2024,

Tanintharyi Gallery

ဒီတစ်ပတ် Tanintharyi Gallery ပရိသတ်အတွက်ညွှန်းဆိုချင်တဲ့စာအုပ်ကတော့ ရသဝတ္တုတစ်ပုဒ်ပါ။ တနင်္သာရီကမ်းရိုးတန်းဒေသနောက်ခံ ရသဝတ္ထုလို့ဆိုနိုင်ပါတယ်။ ဇာတ်လမ်းထဲက ဖြစ်စဥ်တွေကတော့ ကျွန်တော်တို့ဒေသသားတွေ ကြားနေမြင်နေကျ အဖြစ်အပျက်တွေလို့ ဆိုရမှာပါ။ ညွှန်းဆိုမယ့် ဝတ္ထုကတော့ စာရေးဆရာ စိုးဘားဒိုင်ရဲ့ ` အောက်ခေါင်းကြီး´ ဝတ္ထုပါ။

ငါးကျွန်လို့ခေါ်တဲ့ လူကုန်ကူးမှု(လူမှောင်ခိုလို့လည်းဆိုကြရဲ့) အဖြစ်အပျက်ကို ရေးဖွဲ့ထားတဲ့ ဝတ္ထုပါ။ ခေတ်ပြိုင်အကြောင်းအရာကိုရေးဖွဲ့ထားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီဝတ္ထုကို ၂၀၂၀ ခုနှစ်မှာ ထုတ်ဝေခဲ့တာပါ။ ဒီဝတ္ထုထဲက အဖြစ်အပျက်မျိုးတွေက ဒီကနေ့ထက်ထိတိုင် ဖြစ်နေဆဲပါ။

စာရေးဆရာစိုးဘားဒိုင်ကိုယ်တိုင်က ကမ်းရိုးတန်းဒေသ စက်လှေလောကမှာနှစ်အတန်ကြာကျင်လည်ခဲ့ဖူးသူမို့ သူ့ပတ်ဝန်းကျင်မှာဝတ္ထုထဲက ဇာတ်ကောင်တွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့မှာအမှန်ပါပဲ။ ဒါကြောင့်လည်း ဝတ္ထုထဲကဇာတ်ကောင်တွေဖြစ်တဲ့ `ဗွား၊ရန်ဝေးအောင်၊ ´ စတဲ့ဇာတ်ဆောင်တွေကရုပ်လုံးကြွနေတာပါ။

ဒီဝတ္ထုထဲမှာ “ဗွား” အပါအဝင်လူသစ်ငါးဦးဟာ ကျွန်းတစ်ကျွန်းပေါ်ကို ငါးကျွန်အဖြစ်လုပ်ကိုင်ဖို့ လူကုန်ကူးခံရပါတယ်။ ဒီကျွန်းပေါ်မှာငါးကျွန်တွေကိုလက်နက်ကိုင်ပြီးအုပ်ချုပ်တဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ ငါးကျွန်အဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့ အားပြိုင်မှုကိုစတင်ဖန်တီးထားပြီး ငါးကျွန်တွေရဲ့ ငရဲခန်းအတွေ့အကြုံတွေ၊ လှေပေါ်မှာ ဒုက္ခရောက်ပုံတွေကို ရင်တထိတ်ထိတ်ဖတ်ရှုရမှာပါ။

ငါးဖမ်းလှေငရဲခန်းတွေကြားက ငါးခိုးဖမ်းကြတဲ့လှေတွေအချင်းချင်း တိုက်ခိုက်မှုတွေ၊ အသက်ကိုရေထဲချထားကြရသူတွေ၊ အင်ဒိုနီးရှား၊မလေးရှား၊ထိုင်း၊စင်္ကာပူ ၊မြန်မာရေပိုင်နက်အသီးသီးကိုမွှေနှောက်ပြီး ငါးခိုးဖမ်းနေကြတဲ့လှေတွေပေါ်က အင်ဒိုနီးရှား၊မလေးရှား၊ထိုင်း၊မြန်မာ ငါးလှေလုပ်သား ပင်လယ်ကျွန်တွေရဲ့ ငါးဖမ်းလှေပေါ်က ပဋိပက္ခတွေကျွန်အချင်းချင်း ဗိုလ်ကျနိုင်ထက်စီးနင်းလုပ်ကြပုံတွေကို စာရေးဆရာက သူ့အတွေ့အကြုံတွေနဲ့ ဖန်တီးထားတာပါ။

ကျွန်းပေါ်က လူကုန်ကူးမှုကိုလုပ်နေတဲ့လက်နက်ကိုင်ခေါင်းဆောင်ရဲ့ “ဖျားရင်နားရတာပေါ့လို့ မင်းကတွေးနေတယ်ပေါ့။ မင်းကို ကောင်းကောင်းနားပေးမယ်။ဒီမှာလူသစ်ငါးယောက်ရောက်လာပြီ။ လူသစ်ငါးယောက်လာတော့ ပါးစပ်ပေါက်ငါးပေါက် တိုးလာပြီ။ ဖျားတဲ့ပါးစပ်ပေါက်ကို ထည့်မယ့်အစား အားကောင်းကျန်းမာတဲ့ ပါးစပ်ပေါက်ကိုပဲထည့်ရမယ်” ဆိုတဲ့ ပြောစကားကိုကြည့်ရင်လူကုန်ကူးသူတွေရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကိုတွေ့ရမှာပါ။

“အောက်ခေါင်းကြီး”ဆိုတဲ့ ဝတ္ထုအမည်ဟာ ဇာတ်ဆောင် “ ဗွား”ကိုတင်စားခေါ်ဝေါ်ထားတဲ့အမည်ပါ။ သူ့ရဲ့တစ်ဇွတ်ထိုးလုပ် တတ်မှုကို အစွဲပြုပြီးခေါ်တာပါ။ ဝတ္ထုထဲက ဇာတ်ကောင်တွေထဲမှာရန်ဝေးအောင်က ပညာတတ်ပါ။ သူလည်း လူကုန်ကူးမှုကိုခံလိုက်ရပါတယ်။

နောက်ဆုံးမှာသူ့ဘဝကိုတောင်မသိ၊မမှတ်မိတော့တဲ့အထိ စိတ်ဒဏ်ရာရသွားခဲ့သူပါ။ ဒါတွေကတော့ အောက်ခေါင်းကြီး ဝတ္ထုရှည်ထဲကအဖြစ်အပျက်တွေပါ။ ဒီလိုအဖြစ်အပျက်မျိုး ကနေ့အထိဖြစ်နေဆဲမို့ ကမ်းရိုးတန်းကခေတ်ပြိုင်အဖြစ်အပျက်တွေကို မီးမောင်းထိုးပြနေတဲ့ ဝတ္ထုရှည်တစ်ပုဒ်အဖြစ် ညွှန်းဆိုလိုက်ချင်ပါတယ်။

ဗြင်းလှည်း (သို့မဟုတ်) ရထား

August 6, 2024,

ဗြင်းလှည်း (ဒါမှမဟုတ်) ရထားလို့ ပြောလိုက်ရင် အခုခေတ် ထားဝယ်သူ ထား၀ယ်သား လူငယ်အတော်များများကတော့ ဗြင်းလှည်း ဆိုတဲ့ ဝေါဟာရကိုပဲ ရင်းနှီးကြမှာပါ။ သူတို့အတွက် “ရထား” ´ဆိုတဲ့ဝေါဟာရက စိမ်းနေနိုင်ပါတယ်။

စိမ်းမယ်ဆိုလည်း စိမ်းစရာပါပဲ။

ထားဝယ်မြို့ရဲ့လမ်းမတွေပေါ်မှာ ဗြင်းလှည်း ဆိုတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တစ်မျိုးဖြစ်တဲ့ မြင်းလှည်း ပျောက်ကွယ်သွားတာလည်း ကြာပြီကိုး။

အရင်ကတော့ ထားဝယ်မြို့ရဲ့အဓိကလမ်းမကြီးတွေပေါ်မှာတောင် ပြေးဆွဲခွင့်ရခဲ့သေးတာ။ နှစ်ပေါင်း ၄၅ နှစ်နဲ့ ၅၀ ဝန်းကျင်ကာလ နောက်ပိုင်းထားဝယ်မြို့အဓိကလမ်းမတွေပေါ်မှာ မြင်းလှည်းတွေ မတွေ့ရတော့ပါဘူး။

တကယ့်ကို ထွားထွားကျိုင်းကျိုင်းမြင်းကောင်းတွေနဲ့ မြင်းလှည်းအိမ် ခပ်တောင့်တောင့်လှလှဆင်ထားတာ။ ဒါကိုပဲ ထားဝယ်သူထားဝယ်သားတွေက “ရထား”´လို့ခေါ်ခဲ့ကြတာ။

ဒီဝေါဟာရက ရှေးနန်းတွင်းဝေါဟာရတွေနဲ့ ဘယ်လိုဆက်စပ်နိုင်သလဲဆိုတာကလည်း စိတ်ဝင်စားစရာ။ ရှေးမြန်မာကြီးတွေဟာ မြင်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်ကြသတဲ့။ ရှေးကျတဲ့ ထားဝယ်လူမျိုးတွေနဲ့ မြင်းနဲ့ပတ်သက်မှုကလည်း စိတ်ဝင်စားစရာပါ။

မြန်မာနိုင်ငံရဲ့မြို့ကြီးတချို့မှာ မြင်းလှည်းတွေရှိပေမဲ့ ထားဝယ်မြင်းလှည်းတည်ဆောက်ပုံနဲ့ကွာခြားတာရှိပါတယ်။ ထားဝယ်မြင်းလှည်းမှာ လိုက်ပါစီးနင်းတဲ့ခရီးသည်က ခြေထောက်ကို ပုံမှန်ထိုင်သလို ခြေချပြီးလိုက်ပါနိုင်တာပါ။ အခြားမြို့က မြင်းလှည်းတွေမှာ ခရီးသည်လိုက်ပါနိုင်တဲ့ နေရာမှာတပလ္လင်ခွေထိုင် လိုက်ပါရပါတယ်။ ဒါက ထားဝယ်မြင်းလှည်းရဲ့ ထူးခြားချက်ပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကာလနောက်ပိုင်းလောက်ကစပြီး ထားဝယ်မြို့တွင်း ယာဉ်စည်းကမ်းတွေသတ်မှတ်၊ မဝင်ရလမ်းတွေသတ်မှတ်ပြီးတဲ့နောက် ဆိုင်ကယ်တက္ကစီတွေ၊ နောက် သုံးဘီးဆိုင်ကယ်(တုတ်တုတ်)တွေပေါ်လာပြီးတဲ့နောက်ပိုင်း ဗြင်းလှည်းတွေကို မတွေ့ရတော့သလောက်ပါပဲ။ တစ်ခါတစ်ရံ အိမ်ရှေ့ပြင်ဘက်၊ ကမြောကင်းဘက်တော့ တစ်စီးစ၊ နှစ်စီးစ တွေ့ရပါသေးတယ်။

ထန်းပင်တွေကြားက ဖြာကျနေတဲ့ နေရောင်အောက်က မြင်းခွာသံတွေက လွမ်းစရာ။

မိတ်ဆွေတို့မှာရော ဗြင်းလှည်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ မှတ်တမ်းတွေရှိရင် မျှဝေပေးကြပါဦး။

ထားဝယ်မြို့အရှေ့တောင်ဘက်က ရတနာသိုက်

July 13, 2024,

Tanintharyi Gallery

ထားဝယ်အရှေ့တောင်ဘက်မှာ ရတနာသိုက်တစ်ခုရှိပါတယ်။

ထားဝယ် -မြိတ်ကားလမ်းပေါ် ကူးတို့ကျေးရွာမှာရှိတဲ့ လျောင်းတော်မူဘုရား(ထားဝယ်ဒေသခံတွေကတော့ ရွှေသာလျောင်းလို့ခေါ်ကြတယ်)ခြေရင်းမှာရှိတဲ့ ပိဋကတ်တိုက်ကျောင်းကို တင်စားခေါ်လိုက်တာပါ။

ပိဋကတ်တိုက်ကျောင်းလို့ အမည်တွေ့လိုက်ကတည်းက ပိဋကတ်စာပေတွေရှိလို့ဆိုတာ သိသာပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဒီတိုက်ကျောင်းရဲ့ ရာဇဝင်နဲ့ ယဉ်ကျေးမှုဆိုင်ရာပစ္စည်းတွေပါ။

ပိဋကတ်တိုက်ကျောင်းရာဇဝင်က ကုန်းဘောင်ခေတ် မင်းတုန်းမင်းတရားကြီးလက်ထက်က စပါတယ်။

ထားဝယ်ကနေ မန္တလေးမှာ စာသွားသင်တဲ့ဆရာတော်တွေဖြစ်တဲ့ အရှင်သာရမဉ္ဇူသာနဲ့ အရှင်ဣန္ဒဝံသတို့ဟာ သက္ကရာဇ် ၁၂၁၉ ခုနှစ်မှာ ထားဝယ်ကို ပြန်ကြွလာပြီး ကညုံရပ်က မြေတိုက်ကျောင်းမှာ သီတင်းသုံးတယ်။

အရှင်ဣန္ဒဝံသက ကူးတို့ရွာနားက စပါးတောင်ခြေရင်းမှာ တောရဆောက်တည်ပါတယ်။

တောရဆောက်တည်နေတဲ့ ဆရာတော်ကို လူသိများလာပြီး ဒကာ၊ဒကာမတွေ၊ပရိသတ်တွေက လိုက်လာပါသတဲ့။

ဒီအချိန်မှာပဲမန္တလေးနေပြည်တော်မှာ ပဉ္စမသင်္ဂါယနာတင်တဲ့အချိန်နဲ့တိုက်ဆိုင်နေပြီး မင်းတုန်းမင်းနဲ့ မိဖုရားခေါင်ကြီး၊ စိန်တုံးမိဖုရားနဲ့ သားတော်သမီးတော်တွေက ပိဋကတ်သုံးပုံ(ပေမူ)ကိုလှူဒါန်းတဲ့အတွက် ၁၂၄၇ခုနှစ်မှာ ထားဝယ်မြို့၊တလိုင်းထိန်ရပ်က ဦးစစ်ထိုင်၊ ဒေါ်ကျော့တို့က အုတ်ကျောင်းကြီးတစ်ဆောင်ကို လှူဒါန်းခဲ့ရာက ပိဋကတ်တိုက်ကျောင်းရယ်လို့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ (လျောင်းတော်မူဘုရားသမိုင်း- ဦးသန်းဆွေ ရေးတာကို ကိုးကားပါတယ်)

ပိဋကတ်သုံးပုံပေမူတွေကို ထည့်သွင်းထားရှိတဲ့ စာတိုက်သေတ္တာ ဘီရိုကြီးတွေက အင်မတန် မှ လက်ရာမြောက်လှပါတယ်။ ဒါ့အပြင် ပေစာတွေကိုထုပ်ထားတဲ့ အဝတ်ကဒီဇိုင်းတွေကလည်း အဆင့်မြင့် လှသလို နှောင်းလူတို့အနေနဲ့ လေ့လာသင့်တဲ့ အနုပညာလက်ရာတွေပါ။

ဒါ့အပြင် ပေစာထုပ်ကြိုးက အက္ခရာပုံတွေ၊ ဆုတောင်းစာတွေကလည်း ဘာသာစကားရှုထောင့်ကနေ လေ့လာသင့်လှပါတယ်။

ပိဋကတ်တိုက်မှာ နောက်ထပ်လေ့လာစရာ ရတနာတစ်ပါးက ကုန်းဘောင်ခေတ်လက်ရာပန်းချီကားတွေပါ။

အလျား ပေ ၂၀၊ အနံ ၃ ပေ လောက်ရှိတဲ့ ပန်းချီကားတွေပါ။ ကုန်းဘောင်ခေတ် ပန်းချီအကျော် ဆရာခြုံနဲ့ခေတ်ပြိုင်လက်ရာတွေပါ။ ပိဋကတ်တိုက်ကျောင်းရဲ့ အောက်ထပ် တံခါးချပ်တွေက သစ်ထွင်းပန်းပုလက်ရာတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။

ထူးခြားတာက အဲဒီသစ်ထွင်းပန်းပုတွေက တရုတ်လက်ရာဟန်နွှယ်နေတာပါ။

ဘာကြောင့်တရုတ်လက်ရာဟန်နွှယ်နေလဲ စဉ်းစားကြည့်တဲ့အခါ လွတ်လပ်ရေးမရခင် ထားဝယ်သူဌေးတွေက သတ္တုမိုင်းလုပ်ငန်းရှင် တရုတ်နွယ်ဖွားတွေဖြစ်နေတာလည်းတစ်ကြောင်းပါပါလိမ့်မယ်။

ထားဝယ်ရှေးဟောင်းသာသနိက အဆောက်အအုံတွေ လေ့လာရင် တရုတ်အနွယ်သူဌေးတွေရဲ့ အလှူကမ္ပည်းတွေတွေ့နိုင်ပါတယ်။

ခုတစ်ပတ်Gallery မှာတင်ပြထားတဲ့ ပုံတွေက ၂၀၁၃ ခုနှစ်လောက်တုန်းက ရိုက်ကူးထားဖြစ်တဲ့ပုံတွေပါ။

ဒီဓာတ်ပုံတွေရိုက်ကူးပြီးနှစ်တွေမှာ ရန်ကုန်က ရှေးဟောင်းသုတေသနအဖွဲ့တစ်ဖွဲ့(အစိုးရအဖွဲ့အစည်းမဟုတ်ပါ) က စနစ်တကျသန့်ရှင်းရေး၊ထိန်းသိမ်းရေးတွေဆောင်ရွက်ထားပြီးဖြစ်လို့ ပုံပါအတိုင်းထက် သပ်ရပ်နေကြောင်း သိရပါတယ်။

ခုတော့ နယ်မြေအနေအထားကြောင့် ခရီးသွားဧည့်သည်တွေအရောက်အပေါက်နည်းတော့ (ယခင်ကလည်း ခရီးသွားတွေက လျောင်းတော်မူဘုရားဘက်လာကြပေမဲ့ ပိဋကတ်တိုက်ကျောင်းကိုတော့ အရောက်အပေါက် နည်းပါတယ်။) ပိဋကတ်တိုက်ကျောင်းဟာတိတ်ဆိတ်ငြိမ်သက်လျက်ပါပဲ။

ဘယ်လိုပဲဖြစ်ပါစေ။ ယဉ်ကျေးမှု အမွေအနှစ်တွေမို့ မပျောက်ပျက်အောင် ၊ မပျက်စီးအောင်တော့ ထိန်းသိမ်းကြရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။