ရှေးကျောက်စာအရေး နဲ့ ထားဝယ်စကားသံ

March 8, 2025,

ဆရာဇော်ဂျီက ထားဝယ်တေးဟောင်းများ အကြောင်းရေးသားခဲ့ရာတွင် ထားဝယ်ဖက်တွင် ပြောကြသော စကားသံသည် ပုဂံခေတ် ကောင်းစားစဉ်အခါက ရေးထိုးခဲ့သော ကျောက်စာများရှိ မြန်မာစကားအချို့ နှင့် ဆင်တူ သည်ဟု ထည့်သွင်းခဲ့သည်။

ဤတွင် ပုဂံခေတ်ကောင်းစဉ်က ထိုအရပ်၌ ကျင်လည်သူများ၏ စကားသံသည် မည်သို့ရှိမည်နည်းဟု အတွေးပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် အရေး နှင့် အသံထွက်မှာ ကွဲလွဲတတ်သော သဘောရှိခြင်းနှင့် ကျောက်စာရေးထိုးသော ခေတ်က အသံကို အသံသွင်းမှတ်တမ်းယူထားနိုင်ခြင်းမျိုး မရှိခြင်း တို့ကြောင့်ပင် ဖြစ်သည်။

ဆရာဇော်ဂျီက ထားဝယ်ဖက်ကပြောသော စကားတွင် (လ) သံနှော၍ပါသည်ကို ကျောက်စာအရေးနှင့် ထောက်ပြခဲ့သည်။ ဆရာက လက်သည်းရှည်ဘုရားကျောက်စာတွင် မြေကို ‘မ္လေ’ ၊ ကျောင်းကို ‘က္လောင်း’ ဟု ဖော်ပြထားကြောင်း ဖော်ပြခဲ့သည်။ ဤသည်မှာ ထားဝယ်ဖက်က ပြောသံနှင့် ဆင်တူသည်ဟု ဆိုသည်။

ထိုသို့ ဆင်တူသည်ဟူသော အချက်ကို စိတ်ဝင်စားမိသည်နှင့် လက်လှမ်းမီရာ ကျောက်စာ တချို့ကို ဖတ်ဖြစ်ရာ အောက်ပါအတိုင်း တွေ့ရသည်။ (သတိပြုမိသည်မှာ ကျောက်စာအများစုတွင် ယခုခေတ်ကဲ့သို့ ဝစ္စနှစ်လုံးပေါက်ကို သုံးခြင်း မရှိပေ။)

သက္ကရာဇ် ၈၀၁ ခုက ကျောင်းကို မြေလှူသော ကျောက်စာ (စစ်ကိုင်းမြို့ ထူပါရုံ ကျောက်စာရုံရှိ အမှတ် ၃၅(က၊ခ)) နှင့် ပိတူသင်္ဃရာဇာကျောင်းကျောက်စာ (၈၀၁ ခု)၊ ပိတူးသင်္ဃရာဇာ စည်းခုံ ကျောက်စာ (၈၀၃ ခု) များတွင်

– မြေ (မ္လေ)

– ကျောင်း (က္လောင်)

– ထီးဖြူ (ထီဖ္လူ)

– ချွတ် (ခ္လ္ွတ်)

– ကျွတ်လွတ် (က္လ္-ွတ်)

– ကျစွာ (က္လ်စွာ) (က္လစွာ)

– မြေးရင်း (မ္လေရင်)

– ကျိုးပဲ့ (က္လိုဝ်ပဲ)

ဟူသော အရေးကို တွေ့ရသည်။ (ဖောင့် နည်းပညာ အခက်အခဲကြောင့် အချို့သော စကားလုံးများကို မူလ ကျောက်စာပါ အတိုင်း ရေးပြရန် မဖြစ်နိုင်ပါ။ ပို၍ ရှင်းလင်းစေရန် ပုံတွင် ကြည့်နိုင်ပါသည်။) ထို့အပြင် အချို့သော ကျောက်စာများတွင်လည်း

– ဖျင်ဖြူ (ဖျင်ဖ္လူ)

– ဆင်ဖြူ (ဆင်ဖ္လူ)

– ကျောက်ဖျာ (က္လောက်ဖျာ)

– ပြု (ပ္လု)

– ဖြည့် (ဖ္လည်)

– ပြန် (ပ္လန်)

အစရှိသော အရေးအသားများကို တွေ့ရသည်။ ထားဝယ်စကားသံပါ (လ) သံထည့်ဖတ်လျှင်ကား ဖတ်ရသည်မှာ မခက်ဘဲ ဆိုလိုရင်းကို သဘောပေါက်လွယ်သည်ဟု ခံစားရသည်။

သတိထားမိသည်မှာ ဖြစ် ကိုလည်း (ဖ္လစ်) ၊ ကျပ် ကို (က္လပ်)ဟုလည်း သုံးထားသည်။

အလှူပြု၍ ရေစက်ချသည်ကိုလည်း ( ရေစင်တ် ခ္လ ၏ ) ဟူသော အရေးမျိုးလည်း စိတ်ဝင်စားဖွယ် တွေ့ရသည်။

(က္လောက်တံတိုင် )ဟူသော အရေးလည်း တွေ့၍ ကျောက်တံတိုင်းကို ဆိုလို သလားဟုလည်း တွေးမိသည်။

ထိုအရေးမျိုးကို ထားဝယ်သူ/သားများအဖို့ ဖတ်၍ နားလည်ရန်ခက်မည် မထင်ပါ။ သို့သော်လည်း ထိုခေတ်က ထိုအရေးအတိုင်းပင် ပြောခဲ့ကြသလားဟူသည်ကား မေးခွန်းကြီးပင်။ တဖက်တွင်လည်း အပြောအတိုင်းပင် ရေးခဲ့ နိုင်သည် ဟူသော ယူဆချက်လည်း ရှိနေသည်။

ဖတ်ရန်များစွာ ကျန်သေးသော်လည်း ဖတ်မိသမျှတွင် ဤသို့သော စိတ်ဝင်စားစရာ အချက်အချို့ကို မျှဝေလိုက်ပါသည်။

📑ကိုးကား။

ရှေးဟောင်းမြန်မာကျောက်စာများ၊ ပဉ္စမတွဲ၊ ဦးငြိမ်းမောင် (၁၉၈၇)၊ ရှေးဟောင်းသုတေသနဦးစီးဌာန။

စာပေလောက၊ ထားဝယ်တေးဟောင်းများ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ စိတ်ကူးချိုချိုစာပေ

ရှေးထားဝယ်တို့ရဲ့ အမည်မှည့်ခေါ်ပုံ

February 27, 2025,

ထားဝယ်ဒေသမှာ တခြားနေရာဒေသတွေနဲ့ မတူညီတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ရှိပါတယ်။

ရှေးခေတ်ကဆိုရင် ပိုလို့တောင် ထင်ရှားပါတယ်။ ခုနောက်ပိုင်းမှာတော့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေက ရောယှက်လာပြီး အချို့ဆိုရင်ပျောက်ကွယ်၊ အချို့ဆိုပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။

အများစု သတိမပြုမိဘဲ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဓလေ့တခုကတော့ အမည်မှည့်ခေါ်ပုံပါ။

ထားဝယ်တွေကိုယ်တိုင်က အဲလို ထားဝယ်နာမည်တွေ မှည့်ရတာကို ဂုဏ်မယူတော့တာ၊ ခေတ်မမှီဘူးလို့ ထင်တာကြောင့် ထင်ပါရဲ့။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာ၊ ပြောင်းရွှေ့ အခြေချနေထိုင်သူတွေများ လာတာနဲ့ရော ဆက်စပ်မလား။ သေချာအောင်ကတော့ သုတေသန လုပ်မှ ရမယ် ထင်ပါတယ်။

လူတယောက်ရဲ့အမည်ကိုကြားလိုက်တာနဲ့ ဒီလူဟာ ထားဝယ်သား၊ ထားဝယ်သူတယောက်လို့ သိနိုင်တဲ့ အမည်မျိုးပါ။

ဘိုးလွန်းသာ၊ ဘသီးတင်(ဘသိန်းတင်)၊ ကြာသီး၊ မဲဒုံး၊ စုကမ်း၊ လွန်းဒင်၊ ပိုသီး၊ စီသွန်း. . . စတဲ့အမည်တွေကတော့ အမျိုးသားတွေမှာ မှည့်ခေါ်လေ့ရှိတဲ့အမည်မျိုးတွေပါ။

အမည်ရှေ့မှာ “ဦး” ထည့်နိုင်သလို “နောန်” “ရီး” လို့လည်း ထည့်ခေါ်ပြောလေ့ရှိပါတယ်။ (ဥပမာ- ရီးဘိုးလွန်းသာ၊ ဦးဘသီးတင်၊ ရီးကြာသီး၊ ဖိုးစီသွန်း….)

မြသီးမေ၊ ပိုသီး၊ လွန်းမေ၊ ပိုညီး၊ ညီးတင်၊ သီးတင်၊ ညီးမေ၊ သွန်းစီ၊ ညှာကြည်. . . စတဲ့အမည်မျိုးတွေကတော့ အမျိုးသမီးတွေမှာ မှည့်ခေါ်လေ့ရှိပါတယ်။

အမည်ရှေ့မှာ “ဒေါ်” ထည့်ခေါ်သလို “မယ်း” လို့လည်း ထည့်လေ့ရှိပါတယ်။ (ဥပမာ- မယ်းမြသီးမေ၊ မယ်းပိုသီး၊ မယ်းလွန်းတင်၊ မယ်းသွန်းစီ၊ မယ်းညီးမေ…)

ဒီလိုအမည်မျိုးတွေကို ထားဝယ်ဒေသတွင်းက ရှေးခေတ်လက်ရာ စေတီပုထိုးတွေ၊ ဘုရားကျောင်းကန်တွေရဲ့ အလှူမှတ်တမ်းတွေမှာ တွေ့ရတတ်ပါတယ်။

အထူးသဖြင့်တော့ ထားဝယ်မြို့ပေါ်မဟုတ်ဘဲ ထားဝယ်နယ်ဘက်ကျေးရွာတွေမှာ ပိုတွေ့ရတတ်ပါတယ်။

မိတ်ဆွေတို့ရဲ့ ပတ်ဝန်းကျင်မှာ တွေ့ရတဲ့ ထားဝယ်အငွေ့အသက်ပါတဲ့ အမည်တွေရှိရင်လည်း comment မှာရေးသွားပေးကြပါဦး။

ထားဝယ်ရှေးယဉ်ကျေးမှု အထောက်အထားများ

February 19, 2025,

Tanintharyi Gallery

ဒီတစ်ပတ် Tanintharyi Gallery ရဲ့ စာအုပ်စင်မှာ တင်ပြမယ့်စာအုပ်ကတော့ DDA က ၂၀၁၃ ခုနှစ် မတ်လမှာ ထုတ်ဝေခဲ့တဲ့ ဆရာဇော်(စိတ်ပညာ)ရဲ့ “ ထားဝယ်ရှေးယဉ်ကျေးမှု အထောက်အထားများ” ပဲ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ စာတမ်း(၃)စောင် ပါဝင်ပါတယ်။

(၁) ထားဝယ်ဒေသရှေးယဉ်ကျေးမှုအထောက်အထားများ။

(၂) တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိရှေးယဉ်ကျေးမှုအထောက်အထားများ (သုဝဏ္ဏဘူမိခေတ် (သို့) အကြိုသမိုင်းကာလ)။

(၃) ထားဝယ်ဒေသရှေးယဉ်ကျေးမှုအထောက်အထားများ (အကြိုသမိုင်းကာလနှင့်ပျူခေတ်) တို့ဖြစ်ပါတယ်။

စာမျက်နှာ (၈၈)မျက်နှာ ရှိပါတယ်။

ထားဝယ်ဒေသရှေးယဉ်ကျေးမှု အထောက်အထားများ စာတမ်းကတော့ ထားဝယ်ဒေသသမိုင်းကြောင်းကို ပြုစုခဲ့တဲ့ စာအုပ်များအကြောင်းနဲ့ ထားဝယ်မြို့ဟောင်းများအကြောင်းကို အကျဉ်းမျှ တင်ပြထားပါတယ်။

မြို့ဟောင်းတွေထဲက သာဂရမြို့ဟောင်း၊ မုတ္ထီးမြို့ဟောင်း၊ ဝေဒီမြို့ဟောင်း၊ ဆင်ဆိပ်(သို့) ညောင်ခရားမြို့ဟောင်းအကြောင်းတွေကို ဖော်ပြထားပါတယ်။

ဒုတိယစာတမ်းကတော့ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရှေးယဉ်ကျေးမှုအထောက်အထားများ (သုဝဏ္ဏဘူမိခေတ်(သို့) အကြိုသမိုင်းကာလ)ပါ။ ဒီစာတမ်းမှာတော့ တနင်္သာရီတိုင်းအတွင်းက ကျောက်ခေတ်သစ်ဓလေ့နဲ့ မဟာသေလာကိုးကွယ်မှု၊ ကြေးခေတ်နဲ့ ဂဝံယဉ်ကျေးမှုလက္ခဏာတွေကို တင်ပြထားပါတယ်။

တတိယစာတမ်းကတော့ ထားဝယ်ဒေသရှေးယဉ်ကျေးမှု အထောက်အထားများ (အကြိုသမိုင်းကာလနှင့် ပျူခေတ်) ဖြစ်ပါတယ်။ ပထမစာတမ်းနဲ့ ဆက်စပ်နေတဲ့ စာတမ်းတစ်စောင်ပါ။ ဒီစာတမ်းမှာတော့ ထားဝယ်ဒေသအတွင်းတွေ့ရတဲ့ ဓလေ့နဲ့ အထောက်အထားတွေကို အလေးပေးတင်ပြထားပါတယ်။

ကျောက်ခေတ်သစ် အထောက်အထားတွေဖြစ်တဲ့ လက်နက်တွေအကြောင်း၊ ပျူယဉ်ကျေးမှုဓလေ့တွေဖြစ်တဲ့ အုတ်ချပ်ကြီးများနဲ့ လက်ရေးစင်းပါအုတ်ချပ်တွေအကြောင်း၊ သာဂရမြို့ဟောင်းမှာတွေ့ရတဲ့ အရိုးအိုးဓလေ့အကြောင်း၊ ဒင်္ဂါးနဲ့အုတ်ခွက်ဘုရား၊ ပုတီးတွေအကြောင်းကို အကျဉ်းတင်ပြထားပါတယ်။

သာဂရမြို့ဟောင်းအပါအဝင် ထားဝယ်ရှေးမြို့ဟောင်းတွေအကြောင်းကိုလည်း အနည်းငယ် တင်ပြထားတာကို တွေ့ရပါတယ်။

စာတမ်းသုံးစောင်စလုံးမှာ ဓာတ်ပုံမှတ်တမ်းတွေနဲ့မို့ ထားဝယ်ဒေသရှေးဟောင်းယဉ်ကျေးမှုကို လျှပ်တစ်ပြက် လေ့လာလိုသူတွေအတွက် ဖတ်မှတ်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ် ဖြစ်ကြောင်းပါ။

ထားဝယ်ဒေသက ဖျားမီးကန်ပွဲ(မီးဖုန်းပွဲ)နဲ့ ထမနဲထိုးပွဲ

February 10, 2025,

Tanintharyi Gallery

ဖျားမီးကန်ပွဲကိုကျင်းပရာမှာထင်ရှားတဲ့နေရာကတော့ ရှင်မုတ္ထီးရွာပါ။ရှင်မုတ္ထီးဘုရားအနီးကကွင်းပြင်မှာ တပို့တွဲလပြည့်နေ့ ညနေပိုင်းမှာစတင်ကျင်းပလေ့ရှိပါတယ်။

မှန်းနဲထိုးပွဲ (ထမနဲထိုးပြိုင်ပွဲ)ကြောင့်ရယ်၊ ရွှေသာလျောင်း(လောကသရဖူလျောင်းတော်မူ)မှာကျင်းပတဲ့ ဗုဒ္ဓပူဇနိယပွဲတော် ကြောင့်ရယ် အတော်လေးကိုစည်ကားခဲ့တာလို့ဆိုရမှာပါ။ ခုတော့လည်း အားလုံးတိတ်ဆိတ်သွားခဲ့ပါပြီ။

ထားဝယ်အသုံးအချို့ကို ခြေရာကောက်ကြည့်ခြင်း

February 8, 2025,

စာရေးသူ၏ အဖွားသည် အသက် ၈၀ နား ကပ်နေပေပြီ။

တစ်ခါတရံ သူပြောသော ထားဝယ်စကား အသုံးအချို့ကို ကျနော်တို့ သဘောမပေါက်သဖြင့် ပြန်ပြန်မေးသည်။ ဤသည်ကား အသက်အရွယ်၊ မျိုးဆက်၊ ခေတ်ကာလ နှင့် နေရာ မတူသောကြောင့် အသုံးအနှုန်း ကွာသွားသည်ကို ပြနေသည်ဟု မှတ်ယူပါသည်။

သရက်ချောင်းဇာတိ အဖွားသည် လောင်းလုံးဒေသဘက်ခြမ်းနေသူများကို အနောက်ဖက်သူ/သား ဟု ညွှန်းလေ့ရှိသည်။ အဘယ်ကြောင့် ဤသို့ခေါ်သည်ကို မေးကြည့်ရာ ထားဝယ်မြစ်ကြီး၏ အရှေ့ဖက်ကမ်းနှင့် အနောက်ဖက်ကမ်းကို ခြား၍ ခေါ်သော အသုံးဖြစ်ကြောင်း သိရသည်။

အဖွားသုံးတတ်သော စကားနှစ်လုံးသည် ကျနော်တို့အဖို့ အနည်းငယ် နားလည်ရန် ခက်နေတတ်သည်။ ထိုစကားလုံးများမှာ /ကောင်/ နှင့် /ရှောက်/ ဖြစ်ကြသည်။ မြန်မာပြန်လျှင် ကုံ နှင့် ကိုင်(ဆုပ်) ဟု ပြန်လျှင် အဆင်ပြေမည်ဟု ထင်ပါသည်။

ဥပမာ

ထားဟှားလတ် ရှစ်သား/ဟှား ရှောက်ဟှား ကေ့ကေ့ (ဓါးတလက်ခဏ ကိုင်ပေးထားပါ)

အယ်မာစောန်ဝါ့ ခြောင်ဟှိ ကောင်ဟှမား (ဒီစောင်က ခြုံလို့ မလုံဘူး)

/ရှောက်/ ဟူသော စကားလုံးကို မြန်မာပြန်ကြည့်ရာတွင် ဆုပ် (ဆုပ်ကိုင်) သည်ဟု ကျနော် ယူဆမိသည်။ ကျနော့်အနေဖြင့် ထိုအသုံး /ရှောက်/ ကို နေ့စဉ်သုံးအဖြစ် သုံးလေ့မရှိပါ။

ထို့အတူပင် /ကောင်/ ဟူသော စကားလုံးကိုလည်း သုံးလေ့မရှိပါ။ မြန်မာစာဖြင့် ထိုစကားလုံး၏ အသံကို အနီးစပ်ဆုံး /ကောင်/ ဟု ရေးကြည့်သော်လည်း အသံထွက်မှာ အတိအကျမဟုတ်ဘဲ နီးစပ်သည့် အသံသာ ဖြစ်ပါသည်။ /ကောင်/ သည် ကုံ(ကုံလုံ) သည်ဟု အနီးစပ်ဆုံး ယူဆမိသည်။ မြန်မာစကားနှင့် အဓိပ္ပာယ်ဖော်ကြည့်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထို /ကောင်/ ၏ အဓိပ္ပါယ်မှာ လုံလောက်သည်ဟု ထွက်နေ၍ ဖြစ်သည်။

အဖွားသည် စောင်အသစ်တထည်ကို ခြုံကြည့်ရာ သူ၏ရှည်သော အရပ်ကြောင့် စောင်မှာ တိုနေ၏။ ထိုသို့သော အခြေအနေတွင် ဒီစောင်က ခြုံလို့ မလုံဘူးဟု ဆိုသည်။ မိုးရွာနေစဉ် ထီးဖြင့် အပြင်ထွက်ရာ ထီး မလုံသဖြင့် အဖွား၏ကိုယ်တွင် ရေစိုလာလျှင် ဒီထီးက မလုံဘူးဆိုသည်ကိုလည်း /သယ်ထီးဟှ ကောင်ဟှမား/ ဟု ဆိုလေ့ရှိပါသည်။

စကားလုံးများ၏ ရင်းမြစ် အဓိပ္ပါယ်ကို ဖော်ကြည့်ခြင်းသာ ဖြစ်သည်။ ထိုဝေါဟာများကို သုံးသူများ မရှိတော့လျှင် တိမ်မြုပ်ပျောက်ကွက်သွားမည်သာ ဖြစ်ပါသည်။

ထားဝယ်မြို့မှ နှစ်တစ်ရာကျော်သက်တမ်းရှိ မှန်ပန်းချီရေးပြတင်းပေါက်များ

February 4, 2025,

Tanintharyi Gallery

မှန်ပန်းချီကားတွေကို နိုင်ငံရပ်ခြားအထိ အရင်မှာယူပြီး မှာယူတဲ့ပစ္စည်းတွေ ထားဝယ်မြို့ကိုပြန်ရောက်လာမှဘုရားရှိခိုးကျောင်းကိုတည်ဆောက်ခဲ့တာလား ၊ ဒါမှမဟုတ် ထားဝယ်မြို့မှာ ဘုရားရှိခိုးကျောင်းကိုအရင်ဆောက်ပြီးမှ မှန်ပန်းချီကားတွေကို လန်ဒန်အထိမှာယူခဲ့တာလား ဆိုတဲ့အချက်နှစ်ချက်က စဉ်းစားရခက်နေတာပါ ။

ဒါပေမယ့်လည်း ထားဝယ်မြို့က အဲဒီဘုရားရှိခိုးကျောင်းလေးကို မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်လက်အောက်ကျရောက်ပြီးကာစ 1886 ခုနှစ်ဝန်းကျင်မှာတည်ဆောက်ခဲ့တယ်ဆိုတာကတော့ သေချာပါတယ် ။

ထားဝယ်စကားအလှ

January 25, 2025,

ဧသင်

မြန်မာစာကို အခြေခံ၍သာ ထားဝယ်စကား၌ အသံထွက်တူသော်လည်း သုံးသည့်နေရာအလိုက် အဓိပ္ပါယ်ကွာသွားနိုင်သည့် စကားလုံးများကို မျှဝေလိုပါသည်။

ရှေးဟောင်းလက်ရာတွေ ရှိသေးတဲ့ ဘုရားသိမ်

January 16, 2025,

ရနောင် (ဒွယ်)

ထားဝယ်စကားအလှ

January 6, 2025,

Tanintharyi Gallery

အင်္ဂလိပ်စကားလေ့လာရာတွင် စာလုံးပေါင်းမတူ၊ အနက်မတူသော်လည်း အသံထွက် ဆင်တူသည့် (Homophone) စကားလုံးများကို လေ့လာကြရသည်။ အင်္ဂလိပ်စကား၏ အလှတမျိုး ဖြစ်သည်။ ထားဝယ်စကားတွင်လည်း ထိုသို့ စကားလုံး အလှကလေးများ ရှိမလားဟု တွေးမိရာ များစွာရှိနိုင်သည်၊ ရှိနေသည်ကို သတိထားမိလာသည်။

လတ်တလောတွင် အများလက်ခံ၍ ကျယ်ပြန့်စွာသုံးနေသည့် စံထားဝယ်စာ မရှိသေးသည့်အတွက် အသံထွက်တူ စကားလုံးများအတွက် စာလုံးပေါင်းတူ/မတူကို မဆွေးနွေးနိုင်သေးပါ။ ထို့ကြောင့် မြန်မာစာကို အခြေခံ၍သာ ထားဝယ်စကား၌ အသံထွက်တူသော်လည်း သုံးသည့်နေရာအလိုက် အဓိပ္ပါယ်ကွာသွားနိုင်သည့် စကားလုံးများကို မျှဝေလိုပါသည်။

ပထမဆုံးတွေးမိသည့် စကားလုံးမှာ /ရှစ်/ ဟူသော စကားလုံးပင်။ ထိုစကားလုံးသည် ‘ချစ်’၊ ‘ချက်’၊ ‘ရှက်’၊ ‘သရက်’ နှင့် ‘ခဏ’ ဟူသော အဓိပ္ပါယ်မျိုးကို ညွှန်းနိုင်ကြောင်း သတိထားမိသည်။

နန့်ဝိုငါ ရှစ် ဟယ်/ဟှယ်/ရယ်။ (နင့်ကိုငါ ချစ်တယ်။)

ကြစ်သားဟန်း ရှစ် စားမယ်။ (ကြက်သားဟင်း ချက်စားမယ်။)

လူကြားထဲမာ က ပြရဝို ရှစ် ဇာ့။ (လူကြားထဲ ကပြရတာ ရှက်တယ်။)

ပိထောန်းနာ့ ရှစ်ကန်း လိုက်ဇာ့။ (ငပိထောင်းနှင့် သရက်ကင်း လိုက်ဖက်တယ်။)

ထားဟှားလတ် ရှစ်ရား/ဟှား ငှားဘာ။ (ဓါးတလက် ခဏလောက်ငှားပါ။)

/ဗြန်/ ဟူသော အသံလည်း ရှိသည်။ တချိန်ကတော့ ထို စကားလုံးသည် ငွေ၊ ပိုက်ဆံကို ညွှန်းသည်။ ဗြန် သည် ‘မြန်’ ဟူသော အဓိပ္ပာယ်မျိုးလည်းဆောင်သည်။ သို့သော် မြန်မြန် ဟုဆိုသောအခါ ‘ဗြန်းဗြန်’ ဟု သုံးသည်။

ဗြန်လိုနေရယ်/ဟှယ် (ငွေ/ပိုက်ဆံလိုနေတယ်) (ယခုအခါသိပ်မသုံးတော့)

ဗြန်လိုနေရယ်/ဟှယ် (အလျင်လိုနေတယ်) (အသုံးများ)

သတိရမိသော စကားလုံးတခုမှာ /ရှောက်/ ဖြစ်သည်။ ‘ရှုပ်’ သည်ဟုအနက်တွင်သည်။ ထို့အပြင် ‘ကိုင်’၊ ‘ဆုပ်’ စသည့် အဓိပ္ပါယ်မျိုးကို ဆိုလိုရာတွင်လည်း သုံးသည်။

ဆေးထဲမာ လူရှောက် ဇာ့မား။ (ဈေးထဲမှာ လူရှုပ်ပါလား)

ထီးရား/ဟှားဇင်း ရှစ်သား ရှောက်ဟှားပေး ကေ့ကေ့။ (ထီးတစင်း ခဏလောက် ကိုင်ထားပေးပါ)

အထက်ပါစကားလုံးများမှာ ဥပမာသာ ဖြစ်ပါသည်။ စာရှုသူများတွင် အခြားသော စကားလုံးများစွာ၊ စဉ်းစားချက် များစွာ ရှိနိုင်ပါသည်။

ရဟယ်ရှင်

December 27, 2024,

Tanintharyi Gallery

“ရဟယ်ရှင်” သီချင်းစာသားကို ဖော်ပြလိုက်ပါတယ်။ မူရင်း တေးရေးသူရဲ့ အရေးအသား မဟုတ်ပါဘူး။ ထား၀ယ်စာ အရေးအသားနဲ့ ပတ်သတ်ပြီး ဆွေးနွေးငြင်းခုန်လာကြဖို့ ရည်ရွယ်ဖော်ပြတာ ဖြစ်ပါတယ်။

“ရဟယ်ရှင်” သီချင်းကို နားဆင်းပြီ အကြောင်းအရာ အရေးသားတွေနဲ့ ပက်သက်ပြီး ဆွေးနွေးငြင်းခုန်ချက်တွေကို စောင့်မျှော်နေပါတယ်။