ငြိမ်းအေးအိမ်အကြောင်း လည်ပြန် မှတ်စု

June 24, 2025,

Tanintharyi Gallery

ထားဝယ်သား စာရေးဆရာငြိမ်းအေးအိမ် ဇွန်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်း ရန်ကုန်မြို့မှာ ကွယ်လွန်ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
ဆရာ ငြိမ်းအေးအိမ်ဟာ ပို့စ်မော်ဒန်တစ်ခေတ်ဆန်းစေခဲ့တဲ့ သရဖူမဂ္ဂဇင်းကို ထူထောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
ဆရာကိုယ်တိုင်လည်း ပို့စ်မော်ဒန်ဝတ္ထုတွေရေးခဲ့သလို လုံးချင်းစာအုပ်တွေလည်း ထုတ်ဝေခဲ့ပါတယ်။ ဆရာ့ရဲ့ စာအုပ်တွေထဲက မှတ်မိသလောက်ပြောရရင် သိမ်းထုပ်ထားတဲ့လွင်ပြင်၊ ညှို့ငင်တောင်၊ သေခြင်းရဲ့ရနံ့တို့ပါ။
ဆရာ့ရဲ့ နောက်ဆုံးထုတ်လုံးချင်းက၂၀၂၃ နိုဝင်ဘာလမှာ ထုတ်ဝေခဲ့တဲ့ Echo ပါ။
ကျွန်တော်တို့ ထားဝယ်ဒေသအတွက် အဖိုးမဖြတ်နိုင်တဲ့စာအုပ်တစ်အုပ်က တော့ Dawei Watch က စီစဉ်ထုတ်ဝေခဲ့တဲ့ “မြစ်ဖျားရေကို လှမ်းမျှော်ခြင်း” ပါ။ ဆရာက “မြစ်ဖျားရေကိုလှမ်းမျှော်ခြင်း” ကိုရေးပြီး ဦးဉာဏဝရက “ထားဝယ်လူမျိုးစကားနဲ့စာပေ” ကို ရေးပါတယ်။ ဒီစာအုပ်ထဲက ဆရာ ငြိမ်းအေးအိမ်ရဲ့ “ထားဝယ်စကားပြောသူတွေဟာ ပျူလူမျိုးတွေများ ဖြစ်နေလေရော့သလား” ဆောင်းပါးဟာ ထားဝယ်အတွက် ဖြန့်ထွက်အတွေးတွေ ပေးခဲ့တဲ့ ဆောင်းပါးပါ။
ဆရာ ငြိမ်းအေးအိမ်ဟာ ၂၀၂၀ ခုနှစ်လောက်မှာ ထားဝယ်ဒေသဘက်ခရီးထွက်ပြီး ထုတ်ဝေဖို့ ရည်စူးထားတဲ့ “တနင်္သာရီအစိမ်း” အတွက် ဓာတ်ပုံမှတ်တမ်းတွေလည်းရိုက်ခဲ့သလို ထားဝယ်ဒေသခံစာရေးဆရာ၊ ကဗျာဆရာတွေအကြောင်းလည်း မှတ်တမ်းပြုနေဆဲ ဖြစ်ပါတယ်။ ဒါတွေဟာ ဆရာ့အတွက် အိပ်မက်တွေလည်း ဖြစ်ပုံရပါတယ်။
၂၀၂၁ ခုနှစ် နောက်ပိုင်း မှာတော့ ထားဝယ်ဒေသတွင်းက အခြေအနေတွေကို မြေပုံနဲ့တကွ ထုံ့ပိုင်းထုံ့ပိုင်း မှတ်တမ်းတင်နေတာ တွေ့ရပါတယ်။
ခုလို စာပေလောကအတွက်လည်းအရေးပါ၊ တနင်္သာရီဒေသအတွက်လည်း အရေးပါလှတဲ့ စာပေပညာရှင်တစ်ဦး ကြွေလွင့်ခဲ့ရတဲ့အတွက် ကျွန်တော်တို့ Tanintharyi Gallery အဖွဲ့သားများက များစွာ နှမြောတသ ကြေကွဲဝမ်းနည်းရပါကြောင်း ဆိုပါရစေ။
ဆရာငြိမ်းအေးအိမ်ရဲ့ ဈာပနကို ဇွန်လ ၂၅ ရက် နံနက် ၁၁ နာရီခွဲအချိန် ရေဝေးသုဿန်မှာ ကျင်းပမယ်လို့ သိရပါတယ်။

မ္လိတ် ၊ မာရိတ် ၊ မြိတ်

June 1, 2025,

ရနောင် (ဒွယ်)

မြိတ် ဆိုတဲ့ စကားလုံးရဲ့ သမိုင်းနောက်ကြောင်းကို လေ့လာကြည့်ရမှာ ယိုးဒယားတွေ နာမည်ပေးခဲ့တယ်ဆိုတဲ့ “မာရိတ်” နဲ့ ဆလုံတိုင်းရင်းသားတွေ ခေါ်နေတဲ့ “မ္လိတ်” ဆိုတဲ့ နာမည်နှစ်မျိုးကိုတွေ့ရပါတယ် ။
ဒါကြောင့် ဒီနာမည်နှစ်ခုမှာ ဘယ်နာမည်က ပိုပြီးရှေးကျသလဲ ဆိုတာနဲ့ ဘယ်ဟာက ပိုပြီး ယုတ္တိတန်တယ်ဆိုတဲ့ အချက်တွေကို ဆန်းစစ်သင့်ပါတယ် ။

ထားဝယ် ရုပ်ရှင်ရုံတွေ

May 22, 2025,

Tanintharyi Gallery

၂၀၂၄ ခုနှစ် ဒီဇင်ဘာလလောက်က ထားဝယ်မှာရုပ်ရှင်ရုံတွေပြန်ဖွင့်ပြီး ပြန်လည်ပြသခဲ့ပါတယ်။
ကြိတ်ကြိတ်တိုးစည်ကားတဲ့ အခြေအနေမျိုးတော့မတွေ့ရပါဘူး။ ကိုဗစ်မတိုင်မီက တစ်ကျော့ပြန်ခေတ်စားတဲ့ရုပ်ရှင်ရုံတွေမှာ အတန်အသင့်တော့ လူစည်ခဲ့ပါရဲ့။
ရုပ်ရှင်ရုံဆိုလို့ ထားဝယ်မှာ ရွှေဝယ်သီရိ (အရင်က ယူနီဗာဆယ်ရုံလို့လည်းခေါ်ခဲ့ဖူးတယ်။ နောက်တော့ရွှေဝယ်သီရိ၊ ခုတော့ မင်္ဂလာသီရိ)၊ လုပ်သား၊ နှင်း ဆိုတဲ့ ရုပ်ရှင်ရုံတွေရှိခဲ့ဖူးတယ်။
ဒီထက်စောတဲ့ကာလတွေတုန်းက ဆိုရင် New Light (နောက်တော့ လုပ်သားရုံဖြစ်သွားတယ်) ။ ကမ်းနားရုံလို့လည်းရှိခဲ့ဖူးတယ်ဆိုတယ်။ ဒီရုံတွေမှာ ရုပ်ရှင်ဇာတ်ကားရုံတင်ပြမယ်ဆိုရင် ကားပုံး(ဖလင်ဘူးသေတ္တာ)ကို ရန်ကုန်ကနေလေယာဉ်နဲ့သယ်ခဲ့ရတယ်။
မိုးတွင်းကာလ ရာသီဥတုဆိုးလို့ လေယာဉ်မလာနိုင်ဘူးဆိုရင် ပြသမယ်လို့အတိအကျကြေညာထားတဲ့ဇာတ်ကားကို မပြသနိုင်ခဲ့ဘူး။ ရုံတင်ပြမယ့်ရုပ်ရှင်ကားအတွက် ကြော်ငြာကို မြို့ထဲမှာကားနဲ့လှည့်ပြီးကြော်ငြာလေ့ရှိတယ်။
လွန်ခဲ့တဲ့ ၁၉၇၇ ခုနှစ်တစ်ဝိုက် တနင်္သာရီမြို့လေးမှာဆိုရင် ရုပ်ရှင်ကြော်ငြာတာကို နွားလှည်းပေါ်မှာ ရုပ်ရှင်ဇာတ်ဝင်ခန်းဓာတ်ပုံတွေ သုံးထပ်သားပေါ်ကပ်ပြီး မောင်းတဒူဒူထုပြီးကြော်ငြာခဲ့တာ။
ကျွန်တော်သိမီတဲ့ ထားဝယ်မှာတော့လက်ကမ်းကြော်ငြာစာရွက်ကိုဖြန့်ကျဲပြီး ကြော်ငြာတာအမှတ်ရပါတယ်။ (ကလေးဘဝတုန်းကတော့ ပရိုဂရမ်စာရွက်လို့ခေါ်သလားပဲ)။ အဲဒီစာရွက်တွေကို တခုတ်တရတမြတ်တနိုးစုဆောင်းခဲ့ကြတာပါ။
ကိုယ်နှစ်သက်တဲ့ သရုပ်ဆောင်ပုံတွေကို သိမ်းဆည်းထားချင်တာမို့မရမက စုဆောင်းထားဖြစ်ကြတာများပါတယ်။ ခုတော့ ထားဝယ်မှာ အောင်မင်္ဂလာ (အရင်က New Light ၊ လုပ်သား) တစ်ရုံပဲရုပ်ရှင်ပြတော့တယ်။
ရုံဆင်ကြော်ငြာတွေကအရင်ကဆို ထားဝယ်က နာမည်ကြီးပန်းချီဆရာတွေရဲ့ လက်ရာတွေ။ ပန်းချီဦးထူးညွန့်၊ ပန်းချီထွန်းကြည်တို့ရဲ့လက်ရာတွေ…။
ခုခေတ်တော့ ဗီနိုင်းတွေနဲ့ ခေတ်မီလှပပေမဲ့ ဟိုးအရင်ကလို ကြော်ငြာစာရွက်တွေဝေတာမျိုးမတွေ့ရတော့ဘူး။ ရုပ်ရှင်ပြချိန်ကလည်းနေ့လယ်တစ်ချိန်တည်းရယ်။
ရုံပြည့်ရုံလျှံမရှိပေမဲ့ သူ့ပရိသတ်နဲ့သူတော့ အနည်းအကျဉ်းရှိသား။ စီးပွားရေးအရတော့ တွက်ခြေကိုက်ပါ့မလားပဲ။
ရုပ်ရှင်တစ်ကားပြသရာမှာ တစ်နေရာကအရေးပါတဲ့ ကြော်ငြာစာရွက်တွေကို မတွေ့ရတော့ပေမဲ့ တစ်ချိန်တုန်းက ပရိုဂရမ်စာရွက်တဖြစ်လဲ ရုပ်ရှင်လက်ကမ်းကြော်ငြာစာရွက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

တစ်ခတ်တစ်ခါက မြိတ်

May 20, 2025,

Tanintharyi Gallery

မြိတ်မြို့ရဲ့ ရှေးဟောင်းမှတ်တမ်းဓာတ်ပုံများကို ဖော်ပြလိုက်ပါတယ်။ မြိတ်မြို့ရဲ့ ကမ်းနားလမ်းနေရာတစ်ခုကို ထောင့်ပုံစုံကနေပြီး ရိုက်ထားတဲ့ ရိုက်ချက်တွေကို ဖော်ပြလိုက်ပါတယ်။
𝐌𝐮𝐬𝐞𝐮𝐦 𝐨𝐟 𝐚𝐫𝐜𝐡𝐚𝐞𝐨𝐥𝐨𝐠𝐲 𝐚𝐧𝐝 𝐚𝐧𝐭𝐡𝐫𝐨𝐩𝐨𝐥𝐨𝐠𝐲 မှ ဖော်ပြထားသော မှတ်တမ်းဓာတ်ပုံများကို ဖော်ပြလိုက်ပါတယ်။

လဆွဲဗျည်းတွဲ နှင့် ထားဝယ်စကားသံ

April 24, 2025,

ဧသင်

ထားဝယ်စကားသံကို အနီးစပ်ဆုံးရေးကြည့်နိုင်ရန် မြန်မာစာ အက္ခရာများနှင့် စားလုံးပေါင်းစနစ်များ ရှေးမြန်မာကျောက်စာ အချို့ပါ စာလုံးပေါင်းပုံ၊ ရေးပုံကို စူးစမ်းကြည့်မိပါသည်။
ဤသို့ ဖတ်ကြည့်နေရင်းမှ ရှေးကျောက်စာများတွင် (ယနေ့ခေတ်ထားဝယ်များ သုံးနေသေးသော) လဆွဲသံ အရေးများကို သတိထားမိခဲ့သည်။ ထိုလဆွဲဗျည်းတွဲများ နောက်ပိုင်းတွင် မတွေ့ရတော့ဘဲ ပျောက်သွားသည်ကို တွေ့ရသည်။
ပုဂံခေတ်မှသည် အင်းဝခေတ်အထိရှိပြီး နောက်ပိုင်းကျောက်စာများတွင် မတွေ့ရတော့ပေ။
ဤသည်မှာ ပြောသည့်လေသံ၊ စကားသံ ပြောင်းလဲသွားခြင်းကြောင့်ဟုလည်း ယူဆသူများရှိသည်။ သက္ကရာဇ် ၈၀၀ ကျော်ကာလတွင် လအသံတိမ်ကောသွားသည်ဟု ဆိုသည်။
စိတ်ဝင်စားဖွယ်တချက်မှာ လဆွဲဗျည်းတွဲများကို က ဝဂ်ဗျည်းများနှင့် ပဝဂ်ဗျည်းများနှင့် ယှဉ်သည်ဟု မြန်မာစာအဖွဲ့က ဖော်ပြသော အချက်ဖြစ်သည်။
ထိုအသုံးမှာ ယခင်က ကျောက်စာများတွင် တွေ့ခဲ့ရပြီး နောက်ပိုင်းတွင် တိမ်ကောသွားသည်ဟုလည်း ဆိုထားသည်။
ထားဝယ်စကားသံတွင် လဆွဲ အသံသည် က ဝဂ်ဗျည်းအချို့ နှင့် ပ ဝဂ်ဗျည်းအချို့ သုံး၍ပြောသည့် စကားသံတွင် ရှိနေခြင်းပင်။
ဥပမာ –
က ဝဂ်ဗျည်းများတွင် က နှင့် ခ
/က္လ/ = ကျ။
/ခ္လ/ = ချ။ (ဂ၊ ဃ၊ င အသံတွင်မထင်ရှား)
ပ ဝဂ်ဗျည်းများတွင် ပ၊ ဖ၊ ဗ၊ ဘ နှင့် မ
/ပ္လန်/ = ပြန်
/ဖ္လူ/ = ဖြူ
/ဗ္လု/ /ဘ္လု/ = ပေါ့ရွှတ်ရွှတ်အရသာ
/မ္လီ/ = မြိန်
ထားဝယ်စကားသံကို မြန်မာစာနှင့် ရေးကြည့်လိုလျှင် ယခင်ပုဂံခေတ်မှ အင်းဝခေတ်အထိ အသုံးရှိခဲ့ဖူးသော လဆွဲဗျည်းတွဲများ သုံးပုံကိုကြည့်၍ စာလုံးပေါင်းကြည့်လျှင် နီးစပ်မည်ဟု ယူဆရသည်။
ဤလဆွဲသံမှာ ထားဝယ် စကားသံ၏ တမူထူးခြားသော လက္ခဏာတခုလည်း ဖြစ်ပါသည်။
 
📍ကိုးကား – https://web.archive.org/web/20180721073327/http://www.myanmarlanguagecommission.myn.asia/

လေ့လာသင့် အတုယူသင့်တဲ့ ကတွဲရွာ သမိုင်းစာအုပ်

April 23, 2025,

Tanintharyi Gallery

ကမ္ဘာ့ရေးရာ၊ တခြားဗဟုသုတ ဖြစ်ဖွယ်အကြောင်းအရာတွေသာ သိကျွမ်းပိုင်နိုင်ကြပေမဲ့ ကိုယ့်ရပ်ရွာသမိုင်းအကြောင်း ပြောကြစို့ဟေ့ဆိုရင် မပြောပြနိုင်သူတွေ အများကြီးပါ။
ပြောပြနိုင်ဖိုကလည်း မှတ်တမ်းမှတ်ရာတွေ မရှိလေတော့ အရေးအကြောင်းကြုံလာရင် ထိုးဇာတ်တွေနဲ့ပဲ နှစ်ပါးသွားကြတာ များပါတယ်။ ဒေသရပ်ရွာသမိုင်းတွေက တစ်နိုင်တစ်ပိုင်မို့ တန်ဖိုးရှိလှပါတယ်။
မြို့သမိုင်းတွေသာ ရှိကောင်းရှိမယ်။ ကျေးရွာအဆင့် သမိုင်းတော့ အင်မတန်မှရှားပါးလွန်းလှပါတယ်။
ရှားပါးလွန်းတဲ့အထဲမှာ ရှားရှားပါးပါးစာအုပ်တစ်အုပ်ကို တွေ့ရပါတယ်။ မန်းအောင်သင်းဖေ (ကတွဲ) ရေးတဲ့ “တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် ကတွဲရွာဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများ” စာအုပ်ပါ။
ဒီစာအုပ်ကို ၂၀၁၆ ခုနှစ်၊မေလ တုန်းက ထုတ်ခဲ့တာပါ။
ကတွဲရွာဆိုတာ ထားဝယ်- မြိတ်သွားပြည်ထောင်စုကားလမ်းမကြီး ပေါ်မှာရှိတဲ့ ဘုတ်တောင်တောင်ခြေမှာရှိတဲ့ ရွာကြီးပါ။ ဒီရွာမှာ လူသူအရောက်အပေါက်နည်းပြီး သာယာလှပတဲ့ ကတွဲကမ်းခြေလည်း ရှိပါတယ်။
ပိုးကရင်အများစုနေထိုင်တဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။ ဒီလိုရွာလေးကနေ ရွာရဲ့သမိုင်းကြောင်းစာအုပ်တစ်အုပ် ထုတ်ဝေနိုင်တာဟာ တကယ့်ကို တန်ဖိုးရှိလှပါတယ်။ ဒီစာအုပ်မှာ စာမျက်နှာ ၇၅ မျက်နှာရှိပြီး မှတ်တမ်းဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။
ကတွဲမှာ နေထိုင်သူတွေဟာ ကရင်တိုင်းရင်းသား ပိုးကရင်တွေများတာကြောင့် ကရင်တိုင်းရင်းသားအကြောင်း၊ ကရင်အမျိုးသားနေ့အကြောင်းတွေလည်း ပါဝင်ပါတယ်။
ကတွဲရွာကို စတင်တည်ထောင်ခဲ့ပုံအကြောင်း၊ ကတွဲရွာကိုအတည်ပြုသတ်မှတ်ခံရအောင် မင်းတုန်းမင်းလက်ထက် ၁၈၆၁ ခုနှစ်လောက်က မန္တလေးအထိသွားပြီး ကြိုးပမ်းခဲ့ပုံ၊ ရွာတည်ထောင်ခဲ့သူတွေအကြောင်းနဲ့ ဒီကနေ့အထိ တည်ရှိနေဆဲဖြစ်တဲ့ ကတွဲရွာက စေတီပုထိုးတွေအကြောင်းပါ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။
စိတ်ဝင်စားစရာတစ်ခုက ၁၂၄၄ ခု၊ ပြာသိုလပြည့်နေ့မှာ တောင်ပံနှစ်ထပ် လေယာဉ်ဆင်းသက်ပြီး လေယာဉ်ကွင်းတစ်ခု ဖွင့်ခဲ့တယ်ဆိုတဲ့အချက်ပါ။
အချိန်ကာလနဲ့ မြေပြင်ကအနေအထားတွေကို တိုက်ဆိုင်ကြည့်ရှုပြီး သုတေသနပြုရင် စိတ်ဝင်စားဖွယ်အချက်တွေ ထပ်တွေ့နိုင်ပါတယ်။
ဒါ့အပြင် ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ ကတွဲရွာသူကြီးစာရင်းကိုလည်း ဖတ်မှတ်ရပါတယ်။ အနီးဝန်းကျင်ရွာကြီးတွေဖြစ်တဲ့ ရငဲ၊ ကနက်သီရိရွာတွေအကြောင်းလည်း ပါဝင်နေတာမို့ ဒေသ သမိုင်းအချက်အလက်တွေအတွက် တန်ဖိုးရှိလှပါတယ်။
ပြည်ထောင်စုလမ်းမကြီးဘေးက ရွာလေးတစ်ရွာဖြစ်တဲ့ ကတွဲရွာက သမိုင်းစာအုပ်လေးဟာ ဒေသ သမိုင်းအတွက်တော့ တစ်ထောင့်တစ်နေရာကနေ ကျေးဇူးပြုနေတာမို့ ဖတ်မှတ်သင့်တဲ့ စာအုပ်တစ်အုပ်အဖြစ် Tanintharyi Gallery စာအုပ်စင်ကနေ ဂုဏ်ယူစွာ တင်ဆက်လိုက်ပါတယ်။

ရှေးကျောက်စာအရေး နဲ့ ထားဝယ်စကားသံ

April 20, 2025,

ဧသင်

ဆရာဇော်ဂျီက ထားဝယ်တေးဟောင်းများ အကြောင်းရေးသားခဲ့ရာတွင် ထားဝယ်ဖက်တွင် ပြောကြသော စကားသံသည် ပုဂံခေတ် ကောင်းစားစဉ်အခါက ရေးထိုးခဲ့သော ကျောက်စာများရှိ မြန်မာစကားအချို့ နှင့် ဆင်တူ သည်ဟု ထည့်သွင်းခဲ့သည်။
ဆရာက လက်သည်းရှည်ဘုရားကျောက်စာတွင် မြေကို ‘မ္လေ’ ၊ ကျောင်းကို ‘က္လောင်း’ ဟု ဖော်ပြထားကြောင်း ဖော်ပြခဲ့သည်။ ဤသည်မှာ ထားဝယ်ဖက်က ပြောသံနှင့် ဆင်တူသည်ဟု ဆိုသည်။

ငလျင်ဘေးအတွက် ထားဝယ်ပန်းချီဆရာတွေရဲ့အလှူ

April 19, 2025,

Tanintharyi Gallery

ထားဝယ်မြို့ က ငလျင်ဘေးအတွက်အလှူ ပန်းချီပန်းပုပြပွဲကို ထားဝယ်မြို့ ကမ်းနားလမ်း၊ ယဉ်ကျေးမှုပြတိုက်နောက်ကျောဘက်က ထားဝယ်ခရိုင်ပန်းချီပန်းပုအစည်းအရုံးမှာ ကျင်းပနေပါတယ်။

ထားဝယ်မဂ္ဂဇင်းက ရုပ်ပြ

March 19, 2025,

လွန်ခဲ့တဲ့ ၄၅ နှစ်ကျော်မှ ထုတ်ဝေတဲ့ ထားဝယ်မဂ္ဂဇင်းက ရုပ်ပြပါ။

ဒီရုပ်ပြလေးမှာ ထားဝယ်ဒေသထွက် အစားစရာတွေဖြစ်ကြတဲ့ ဒူးယင်းယို ၊ ထားဝယ် ငါးပိ ၊ ထားဝယ် ငါးပုတ်ခြောက် ကို မှာယူနေကြတာ နားလည်ပါတယ်။

ထူးဆန်းဖြစ်နေတာက ဘာဖြစ်လို့ ထားဝယ်ကို ဖိနှပ်မှာယူနေတာလဲဆိုတာက တွေးမိစရာ ဖြစ်လာလို့ပါ။

သိမီသူတွေ မျှ၀ေကြပါဦး ။

ရှေးကျောက်စာအရေး နဲ့ ထားဝယ်စကားသံ

March 8, 2025,

ဆရာဇော်ဂျီက ထားဝယ်တေးဟောင်းများ အကြောင်းရေးသားခဲ့ရာတွင် ထားဝယ်ဖက်တွင် ပြောကြသော စကားသံသည် ပုဂံခေတ် ကောင်းစားစဉ်အခါက ရေးထိုးခဲ့သော ကျောက်စာများရှိ မြန်မာစကားအချို့ နှင့် ဆင်တူ သည်ဟု ထည့်သွင်းခဲ့သည်။

ဤတွင် ပုဂံခေတ်ကောင်းစဉ်က ထိုအရပ်၌ ကျင်လည်သူများ၏ စကားသံသည် မည်သို့ရှိမည်နည်းဟု အတွေးပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် အရေး နှင့် အသံထွက်မှာ ကွဲလွဲတတ်သော သဘောရှိခြင်းနှင့် ကျောက်စာရေးထိုးသော ခေတ်က အသံကို အသံသွင်းမှတ်တမ်းယူထားနိုင်ခြင်းမျိုး မရှိခြင်း တို့ကြောင့်ပင် ဖြစ်သည်။

ဆရာဇော်ဂျီက ထားဝယ်ဖက်ကပြောသော စကားတွင် (လ) သံနှော၍ပါသည်ကို ကျောက်စာအရေးနှင့် ထောက်ပြခဲ့သည်။ ဆရာက လက်သည်းရှည်ဘုရားကျောက်စာတွင် မြေကို ‘မ္လေ’ ၊ ကျောင်းကို ‘က္လောင်း’ ဟု ဖော်ပြထားကြောင်း ဖော်ပြခဲ့သည်။ ဤသည်မှာ ထားဝယ်ဖက်က ပြောသံနှင့် ဆင်တူသည်ဟု ဆိုသည်။

ထိုသို့ ဆင်တူသည်ဟူသော အချက်ကို စိတ်ဝင်စားမိသည်နှင့် လက်လှမ်းမီရာ ကျောက်စာ တချို့ကို ဖတ်ဖြစ်ရာ အောက်ပါအတိုင်း တွေ့ရသည်။ (သတိပြုမိသည်မှာ ကျောက်စာအများစုတွင် ယခုခေတ်ကဲ့သို့ ဝစ္စနှစ်လုံးပေါက်ကို သုံးခြင်း မရှိပေ။)

သက္ကရာဇ် ၈၀၁ ခုက ကျောင်းကို မြေလှူသော ကျောက်စာ (စစ်ကိုင်းမြို့ ထူပါရုံ ကျောက်စာရုံရှိ အမှတ် ၃၅(က၊ခ)) နှင့် ပိတူသင်္ဃရာဇာကျောင်းကျောက်စာ (၈၀၁ ခု)၊ ပိတူးသင်္ဃရာဇာ စည်းခုံ ကျောက်စာ (၈၀၃ ခု) များတွင်

– မြေ (မ္လေ)

– ကျောင်း (က္လောင်)

– ထီးဖြူ (ထီဖ္လူ)

– ချွတ် (ခ္လ္ွတ်)

– ကျွတ်လွတ် (က္လ္-ွတ်)

– ကျစွာ (က္လ်စွာ) (က္လစွာ)

– မြေးရင်း (မ္လေရင်)

– ကျိုးပဲ့ (က္လိုဝ်ပဲ)

ဟူသော အရေးကို တွေ့ရသည်။ (ဖောင့် နည်းပညာ အခက်အခဲကြောင့် အချို့သော စကားလုံးများကို မူလ ကျောက်စာပါ အတိုင်း ရေးပြရန် မဖြစ်နိုင်ပါ။ ပို၍ ရှင်းလင်းစေရန် ပုံတွင် ကြည့်နိုင်ပါသည်။) ထို့အပြင် အချို့သော ကျောက်စာများတွင်လည်း

– ဖျင်ဖြူ (ဖျင်ဖ္လူ)

– ဆင်ဖြူ (ဆင်ဖ္လူ)

– ကျောက်ဖျာ (က္လောက်ဖျာ)

– ပြု (ပ္လု)

– ဖြည့် (ဖ္လည်)

– ပြန် (ပ္လန်)

အစရှိသော အရေးအသားများကို တွေ့ရသည်။ ထားဝယ်စကားသံပါ (လ) သံထည့်ဖတ်လျှင်ကား ဖတ်ရသည်မှာ မခက်ဘဲ ဆိုလိုရင်းကို သဘောပေါက်လွယ်သည်ဟု ခံစားရသည်။

သတိထားမိသည်မှာ ဖြစ် ကိုလည်း (ဖ္လစ်) ၊ ကျပ် ကို (က္လပ်)ဟုလည်း သုံးထားသည်။

အလှူပြု၍ ရေစက်ချသည်ကိုလည်း ( ရေစင်တ် ခ္လ ၏ ) ဟူသော အရေးမျိုးလည်း စိတ်ဝင်စားဖွယ် တွေ့ရသည်။

(က္လောက်တံတိုင် )ဟူသော အရေးလည်း တွေ့၍ ကျောက်တံတိုင်းကို ဆိုလို သလားဟုလည်း တွေးမိသည်။

ထိုအရေးမျိုးကို ထားဝယ်သူ/သားများအဖို့ ဖတ်၍ နားလည်ရန်ခက်မည် မထင်ပါ။ သို့သော်လည်း ထိုခေတ်က ထိုအရေးအတိုင်းပင် ပြောခဲ့ကြသလားဟူသည်ကား မေးခွန်းကြီးပင်။ တဖက်တွင်လည်း အပြောအတိုင်းပင် ရေးခဲ့ နိုင်သည် ဟူသော ယူဆချက်လည်း ရှိနေသည်။

ဖတ်ရန်များစွာ ကျန်သေးသော်လည်း ဖတ်မိသမျှတွင် ဤသို့သော စိတ်ဝင်စားစရာ အချက်အချို့ကို မျှဝေလိုက်ပါသည်။

📑ကိုးကား။

ရှေးဟောင်းမြန်မာကျောက်စာများ၊ ပဉ္စမတွဲ၊ ဦးငြိမ်းမောင် (၁၉၈၇)၊ ရှေးဟောင်းသုတေသနဦးစီးဌာန။

စာပေလောက၊ ထားဝယ်တေးဟောင်းများ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ စိတ်ကူးချိုချိုစာပေ