၁၉၀၆ တုန်းက မော်ကင်း

March 1, 2025,

တနင်္သာရီဒေသရှိ ကျွန်းတွေနဲ့ ပင်လယ်ပြင်မှာ နေထိုင်ကြတဲ့ မော်ကင်း (ဆလုံ) လူမျိုးတို့ရဲ့ မှတ်တမ်းဓာတ်ပုံအချို့ကို ဖော်ပြလိုက်ပါတယ်။ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေက ၁၉၀၆ ခုနှစ်က မှတ်တမ်းပုံတွေလို့ ဖော်ပြထားပါတယ်။

အခုဖော်ပြပါပုံတွေက 𝐌𝐮𝐬𝐞𝐮𝐦 𝐨𝐟 𝐚𝐫𝐜𝐡𝐚𝐞𝐨𝐥𝐨𝐠𝐲 𝐚𝐧𝐝 𝐚𝐧𝐭𝐡𝐫𝐨𝐩𝐨𝐥𝐨𝐠𝐲 မှ ဖော်ပြထားတဲ့ မှတ်တမ်းဓာတ်ပုံတွေဖြစ်ပါတယ်။

နောက်ထပ် တနင်္သာရီဒေသတွင် နေထိုင်ခဲ့တဲ့ ကရင်လူမျိုးတို့ မှတ်တမ်းပုံတွေကို ဆက်လက်ဖော်ပြပါမည်။

Tanintharyi Gallery က တနင်္သာရီဒေသရဲ့ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှုနဲ့ ပက်သတ်တဲ့ မှတ်တမ်းမှတ်ရာတွေ ပြုစုမှတ်တမ်းတင်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

ရှေးထားဝယ်တို့ရဲ့ အမည်မှည့်ခေါ်ပုံ

February 27, 2025,

ထားဝယ်ဒေသမှာ တခြားနေရာဒေသတွေနဲ့ မတူညီတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ရှိပါတယ်။

ရှေးခေတ်ကဆိုရင် ပိုလို့တောင် ထင်ရှားပါတယ်။ ခုနောက်ပိုင်းမှာတော့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေက ရောယှက်လာပြီး အချို့ဆိုရင်ပျောက်ကွယ်၊ အချို့ဆိုပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။

အများစု သတိမပြုမိဘဲ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဓလေ့တခုကတော့ အမည်မှည့်ခေါ်ပုံပါ။

ထားဝယ်တွေကိုယ်တိုင်က အဲလို ထားဝယ်နာမည်တွေ မှည့်ရတာကို ဂုဏ်မယူတော့တာ၊ ခေတ်မမှီဘူးလို့ ထင်တာကြောင့် ထင်ပါရဲ့။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာ၊ ပြောင်းရွှေ့ အခြေချနေထိုင်သူတွေများ လာတာနဲ့ရော ဆက်စပ်မလား။ သေချာအောင်ကတော့ သုတေသန လုပ်မှ ရမယ် ထင်ပါတယ်။

လူတယောက်ရဲ့အမည်ကိုကြားလိုက်တာနဲ့ ဒီလူဟာ ထားဝယ်သား၊ ထားဝယ်သူတယောက်လို့ သိနိုင်တဲ့ အမည်မျိုးပါ။

ဘိုးလွန်းသာ၊ ဘသီးတင်(ဘသိန်းတင်)၊ ကြာသီး၊ မဲဒုံး၊ စုကမ်း၊ လွန်းဒင်၊ ပိုသီး၊ စီသွန်း. . . စတဲ့အမည်တွေကတော့ အမျိုးသားတွေမှာ မှည့်ခေါ်လေ့ရှိတဲ့အမည်မျိုးတွေပါ။

အမည်ရှေ့မှာ “ဦး” ထည့်နိုင်သလို “နောန်” “ရီး” လို့လည်း ထည့်ခေါ်ပြောလေ့ရှိပါတယ်။ (ဥပမာ- ရီးဘိုးလွန်းသာ၊ ဦးဘသီးတင်၊ ရီးကြာသီး၊ ဖိုးစီသွန်း….)

မြသီးမေ၊ ပိုသီး၊ လွန်းမေ၊ ပိုညီး၊ ညီးတင်၊ သီးတင်၊ ညီးမေ၊ သွန်းစီ၊ ညှာကြည်. . . စတဲ့အမည်မျိုးတွေကတော့ အမျိုးသမီးတွေမှာ မှည့်ခေါ်လေ့ရှိပါတယ်။

အမည်ရှေ့မှာ “ဒေါ်” ထည့်ခေါ်သလို “မယ်း” လို့လည်း ထည့်လေ့ရှိပါတယ်။ (ဥပမာ- မယ်းမြသီးမေ၊ မယ်းပိုသီး၊ မယ်းလွန်းတင်၊ မယ်းသွန်းစီ၊ မယ်းညီးမေ…)

ဒီလိုအမည်မျိုးတွေကို ထားဝယ်ဒေသတွင်းက ရှေးခေတ်လက်ရာ စေတီပုထိုးတွေ၊ ဘုရားကျောင်းကန်တွေရဲ့ အလှူမှတ်တမ်းတွေမှာ တွေ့ရတတ်ပါတယ်။

အထူးသဖြင့်တော့ ထားဝယ်မြို့ပေါ်မဟုတ်ဘဲ ထားဝယ်နယ်ဘက်ကျေးရွာတွေမှာ ပိုတွေ့ရတတ်ပါတယ်။

မိတ်ဆွေတို့ရဲ့ ပတ်ဝန်းကျင်မှာ တွေ့ရတဲ့ ထားဝယ်အငွေ့အသက်ပါတဲ့ အမည်တွေရှိရင်လည်း comment မှာရေးသွားပေးကြပါဦး။

ထားဝယ်ရှေးယဉ်ကျေးမှု အထောက်အထားများ

February 19, 2025,

Tanintharyi Gallery

ဒီတစ်ပတ် Tanintharyi Gallery ရဲ့ စာအုပ်စင်မှာ တင်ပြမယ့်စာအုပ်ကတော့ DDA က ၂၀၁၃ ခုနှစ် မတ်လမှာ ထုတ်ဝေခဲ့တဲ့ ဆရာဇော်(စိတ်ပညာ)ရဲ့ “ ထားဝယ်ရှေးယဉ်ကျေးမှု အထောက်အထားများ” ပဲ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ စာတမ်း(၃)စောင် ပါဝင်ပါတယ်။

(၁) ထားဝယ်ဒေသရှေးယဉ်ကျေးမှုအထောက်အထားများ။

(၂) တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိရှေးယဉ်ကျေးမှုအထောက်အထားများ (သုဝဏ္ဏဘူမိခေတ် (သို့) အကြိုသမိုင်းကာလ)။

(၃) ထားဝယ်ဒေသရှေးယဉ်ကျေးမှုအထောက်အထားများ (အကြိုသမိုင်းကာလနှင့်ပျူခေတ်) တို့ဖြစ်ပါတယ်။

စာမျက်နှာ (၈၈)မျက်နှာ ရှိပါတယ်။

ထားဝယ်ဒေသရှေးယဉ်ကျေးမှု အထောက်အထားများ စာတမ်းကတော့ ထားဝယ်ဒေသသမိုင်းကြောင်းကို ပြုစုခဲ့တဲ့ စာအုပ်များအကြောင်းနဲ့ ထားဝယ်မြို့ဟောင်းများအကြောင်းကို အကျဉ်းမျှ တင်ပြထားပါတယ်။

မြို့ဟောင်းတွေထဲက သာဂရမြို့ဟောင်း၊ မုတ္ထီးမြို့ဟောင်း၊ ဝေဒီမြို့ဟောင်း၊ ဆင်ဆိပ်(သို့) ညောင်ခရားမြို့ဟောင်းအကြောင်းတွေကို ဖော်ပြထားပါတယ်။

ဒုတိယစာတမ်းကတော့ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရှေးယဉ်ကျေးမှုအထောက်အထားများ (သုဝဏ္ဏဘူမိခေတ်(သို့) အကြိုသမိုင်းကာလ)ပါ။ ဒီစာတမ်းမှာတော့ တနင်္သာရီတိုင်းအတွင်းက ကျောက်ခေတ်သစ်ဓလေ့နဲ့ မဟာသေလာကိုးကွယ်မှု၊ ကြေးခေတ်နဲ့ ဂဝံယဉ်ကျေးမှုလက္ခဏာတွေကို တင်ပြထားပါတယ်။

တတိယစာတမ်းကတော့ ထားဝယ်ဒေသရှေးယဉ်ကျေးမှု အထောက်အထားများ (အကြိုသမိုင်းကာလနှင့် ပျူခေတ်) ဖြစ်ပါတယ်။ ပထမစာတမ်းနဲ့ ဆက်စပ်နေတဲ့ စာတမ်းတစ်စောင်ပါ။ ဒီစာတမ်းမှာတော့ ထားဝယ်ဒေသအတွင်းတွေ့ရတဲ့ ဓလေ့နဲ့ အထောက်အထားတွေကို အလေးပေးတင်ပြထားပါတယ်။

ကျောက်ခေတ်သစ် အထောက်အထားတွေဖြစ်တဲ့ လက်နက်တွေအကြောင်း၊ ပျူယဉ်ကျေးမှုဓလေ့တွေဖြစ်တဲ့ အုတ်ချပ်ကြီးများနဲ့ လက်ရေးစင်းပါအုတ်ချပ်တွေအကြောင်း၊ သာဂရမြို့ဟောင်းမှာတွေ့ရတဲ့ အရိုးအိုးဓလေ့အကြောင်း၊ ဒင်္ဂါးနဲ့အုတ်ခွက်ဘုရား၊ ပုတီးတွေအကြောင်းကို အကျဉ်းတင်ပြထားပါတယ်။

သာဂရမြို့ဟောင်းအပါအဝင် ထားဝယ်ရှေးမြို့ဟောင်းတွေအကြောင်းကိုလည်း အနည်းငယ် တင်ပြထားတာကို တွေ့ရပါတယ်။

စာတမ်းသုံးစောင်စလုံးမှာ ဓာတ်ပုံမှတ်တမ်းတွေနဲ့မို့ ထားဝယ်ဒေသရှေးဟောင်းယဉ်ကျေးမှုကို လျှပ်တစ်ပြက် လေ့လာလိုသူတွေအတွက် ဖတ်မှတ်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ် ဖြစ်ကြောင်းပါ။

ထားဝယ်ဒေသက ဖျားမီးကန်ပွဲ(မီးဖုန်းပွဲ)နဲ့ ထမနဲထိုးပွဲ

February 10, 2025,

Tanintharyi Gallery

ဖျားမီးကန်ပွဲကိုကျင်းပရာမှာထင်ရှားတဲ့နေရာကတော့ ရှင်မုတ္ထီးရွာပါ။ရှင်မုတ္ထီးဘုရားအနီးကကွင်းပြင်မှာ တပို့တွဲလပြည့်နေ့ ညနေပိုင်းမှာစတင်ကျင်းပလေ့ရှိပါတယ်။

မှန်းနဲထိုးပွဲ (ထမနဲထိုးပြိုင်ပွဲ)ကြောင့်ရယ်၊ ရွှေသာလျောင်း(လောကသရဖူလျောင်းတော်မူ)မှာကျင်းပတဲ့ ဗုဒ္ဓပူဇနိယပွဲတော် ကြောင့်ရယ် အတော်လေးကိုစည်ကားခဲ့တာလို့ဆိုရမှာပါ။ ခုတော့လည်း အားလုံးတိတ်ဆိတ်သွားခဲ့ပါပြီ။

ထားဝယ်မှာ ကိုယ်ပိုင် ငွေကြေး ရှိခဲ့သလား

February 4, 2025,

Tanintharyi Gallery

တွေးကြည့်ဖြစ်တယ်။

ရှေးထားဝယ်ကုန်သွယ်စီးပွားလုပ်ငန်းမှာ ကိုယ်ပိုင်ငွေကြေးတခုခု စီမံသုံးစွဲခဲ့လေသလား။

ထားဝယ်မြစ်ထဲကနေ တွေ့ရတတ်တဲ့ ခဲဒင်္ဂါးပြားမှာ ” တဝဲ ” လို့ ရေးသားထားတာ တွေ့ရတယ်။ အချို့နေရာတွေမှာလည်း အလားတူ ခဲဒင်္ဂါးပြားတွေကို တွေ့ရတတ်လို့ ဒီဒင်္ဂါးတွေကို အမြောက်အမြား ထုတ်လုပ်ခဲ့တယ်လို့ ယူဆစရာ ရှိပါတယ်။

ဟိုးအရင်ကတည်းက ထားဝယ်ဒေသတစ်ခွင်မှာ ငွေကြေးကိုခေါ်တဲ့ အခေါ်အဝေါ် သီးသန့်ရှိတယ်။ ဗမာတွေက “ပိုက်ဆံ” လို့ပြောပေမဲ့ ထားဝယ်တွေကတော့ ” ကပ် ” လို့ပဲ သုံးနှုန်းကြတယ်။

” ကပ်” ဆိုရင် ငွေစက္ကူရော အကြွေစေ့ပါ အကျုံးဝင်တယ်။ ဒါပေမဲ့ ထားဝယ်ဒေသမှာ အကြွေစေ့ကို သီးသန့်ခေါ်တဲ့ အသုံးအနှုန်းတစ်မျိုး ရှိသေးတယ်။ ” ဗျန်” …တဲ့။ ခုတော့ “ဗျန်” အသုံးကို မတွေ့ရ ၊ မကြားရတော့ဘူး။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကအထိတော့ ” ဗျန် ငါးမူး” ” ဗျန် ငါးပြား ” “ဗျန် တစ်မတ်” ဆိုတာတွေ ကြားရသေးတယ်။ ခုနောက်ပိုင်းကာလတွေမှာ ငွေအကြွေစေ့ သုံးစွဲမှုတွေပါ ပျောက်သွားတော့ ” ဗျန်” ဝေါဟာရလည်း ပျောက်သွားပုံရပါတယ်။

လောလောဆယ် ပျောက်ကွယ်လုနီးပါး ဖြစ်လာတဲ့ဝေါဟာရက “ကပ်” ပါ။

လူငယ်အတော်တော်များ မပြောကြတော့ပါဘူး။

” ပိုက်ဆံ ” ဆိုတဲ့ ဗမာစကား (စံဘာသာစကား)ကိုပဲ သုံးလာကြပါတယ်။ အရင်က လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ထိုင်ရင် “ကပ်ရှင်းမယ် “လို့ ပြောတတ်ကြပေမဲ့ ခုနောက်ပိုင်းကာလတွေမှာတော့ “ပိုက်ဆံရှင်းမယ်” “ဘေလ်ရှင်းမယ်” လို့ ပြောလာကြပါပြီ။

ဒီလိုပြောင်းလဲလာရတာကလည်း ဒေသတွင်းမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းလာပြီး ပြည်မနဲ့ ကူးလူးဆက်ဆံမှုများလာတာရယ်၊ ဗမာစကားပြောတဲ့ရွှေ့ပြောင်းလုပ်သားတွေ ရောက်လာတာတွေရယ်ကြောင့် ဖြစ်မယ် ထင်ပါတယ်။

ထားဝယ်ငွေကြေးအခေါ်အဝေါ်ဖြစ်တဲ့ ” ကပ်” နဲ့ “ဗျန်” တို့ မိတ်ဆွေတို့ပတ်ဝန်းကျင်မှာ တကယ်ပဲ ပျောက်ကွယ်သွားပြီလား၊ ပျောက်ကွယ်လုနီးနီးဖြစ်နေပြီလားဆိုတာလေး ပြောပြကြပါဦး။

ထားဝယ်စကားအလှ

January 25, 2025,

ဧသင်

မြန်မာစာကို အခြေခံ၍သာ ထားဝယ်စကား၌ အသံထွက်တူသော်လည်း သုံးသည့်နေရာအလိုက် အဓိပ္ပါယ်ကွာသွားနိုင်သည့် စကားလုံးများကို မျှဝေလိုပါသည်။

ကြော်ငြာများကပြောတဲ့ ဒေသလူမှုသမိုင်း

January 7, 2025,

၁၉၇၈ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ ထားဝယ်မဂ္ဂဇင်းကို ပြန်လေ့လာဖြစ်တော့ ကြော်ငြာတွေကိုစိတ်ဝင်စားသွားပါတယ်။

မဂ္ဂဇင်းထုတ်ဝေစဉ်ကာလကဆိုရင် သိပ်စိတ်ဝင်စားမိမှာမဟုတ်ပေမဲ့ ( ဒေသတွင်းမဂ္ဂဇင်းတွေရဲ့သဘော သဘာဝအရ ကုန်ကျစရိတ်ခုမိအောင်စီးပွားရေးလုပ်ငန်းရှင်တွေထံမှာကြော်ငြာတွေတောင်းကြတာကိုး) ခုလို နှစ်ပေါင်း( ၄၇ ) လောက်ကြာလာတော့ ပြောင်းလဲသွားတဲ့ ခေတ်ရေစီးကြောင်းအရ အဲဒီကြော်ငြာတွေကစိတ်ဝင်စားစရာဖြစ်သွားပါတယ်။

တစ်နည်းအားဖြင့် တစ်ချိန်တုန်းက လူမှုစီးပွားလို့တောင်ပြောရမယ်ထင်ပါတယ်။

၁၉၇၈ ခုနှစ်ထုတ် ထားဝယ်မဂ္ဂဇင်းပါ ကြော်ငြာတွေကိုလေ့လာကြည့်တဲ့အခါ အဲဒီအချိန်တုန်းက တချို့စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းရှင်တွေရဲ့ မျိုးဆက်တချို့ဟာ ဒီလုပ်ငန်းတွေအပေါ်မှာပဲ တစိုက်မတ်မတ်လုပ်ကိုင်ရင်း လုပ်ငန်းတွေပိုတိုးချဲ့လာနိုင်ခဲ့ကြသလို တချို့လုပ်ငန်းတွေကလည်းခေတ်နဲ့မလျော်ညီတော့တာကြောင့် ရပ်တန့် ပျောက်ကွယ်သွားခဲ့ရတာတွေကိုလည်းတွေ့ရပါတယ်။

ကြော်ငြာထဲမှာတွေ့ရတဲ့ ကိုမောင်ဆန်းဆိုင်ဆိုရင် ခုတော့သူ့မျိုးဆက်တွေက ယာဉ်အပိုပစ္စည်းဆိုင်အဖြစ်ပြောင်းလဲခဲ့သလို ပဒေသာအအေးဆိုင်ဆိုရင်လည်း ဒီကနေ့မှာ သူ့မျိုးဆက်တွေက SuperMarket အဖြစ်ပြောင်းလဲနိုင်ခဲ့တာတွေ့ရပါတယ်။

ခေတ်နဲ့မလျော်ညီတော့လို့ ရပ်တန့်လိုက်ရတဲ့လုပ်ငန်းတွေထဲမှာ စာပုံနှိပ်လုပ်ငန်း၊ ဆေးပေါ့လိပ်၊ဆေးပြင်းလိပ်လုပ်ငန်း၊ ထီဆိုင်၊ ဓာတ်ပုံတိုက်တချို့လည်းပါပါတယ်။

ဒါတွေဟာ နှစ်ပေါင်း ( ၄၇ ) အတွင်းမှာပြောင်းလဲသွားတဲ့ ထားဝယ်ဒေသတွင်းက လူမှုစီးပွားအချို့ကိုကြော်ငြာတွေကတစ်ဆင့်ဖြတ်ခနဲလေ့လာကြည့်ခြင်းပါ။

ထားဝယ်ဓလေ့ လူမှုစီးပွားနှင့်ယဉ်ကျေးမှု

December 1, 2024,

Tanintharyi Gallery

ဒီတစ်ပတ် Tanintharyi Gallery ပရိသတ်အတွက် ညွှန်းဆိုချင်တဲ့စာအုပ်ကတော့ စာရေးဆရာကြီး “ရွှေဝယ်ဧ” ရဲ့ “ထားဝယ်ဓလေ့ လူမှုစီးပွားနှင့်ယဉ်ကျေးမှု” ဆိုတဲ့ စာအုပ်ပါ။

ဆရာကြီး ရွှေဝယ်ဧရဲ့ ဆောင်းပါးတွေကို စုစည်းပြီး Myanmar Knowledge Society က ၂၀၁၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့စာအုပ် ဖြစ်ပါတယ်။

ထားဝယ်ဒေသခံ စာရေးဆရာကြီးရွှေဝယ်ဧဟာ ထားဝယ်ရာဇဝင်သမိုင်းစာအုပ်ကို ပြုစုခဲ့သူဖြစ်သလို တချိန်က မဂ္ဂဇင်းအတော်များများမှာ ထားဝယ်ယဉ်ကျေးမှုဆောင်းပါးတွေကို ရေးသားပြုစုခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၇၈ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ဆရာကြီးကွယ်လွန်ခဲ့ပြီး ဖြစ်ပါတယ်။ ဆရာကြီးရဲ့ ထားဝယ်ယဉ်ကျေးမှု ဆောင်းပါးတွေကတော့ ပြန့်ကျဲလျက် ရှိနေခဲ့ပါတယ်။ အခုတင်ဆက်တဲ့စာအုပ်ဟာ ဆရာကြီးရဲ့ ဆောင်းပါးတွေကို ပထမဆုံးစုစည်းထုတ်ဝေခဲ့တဲ့ စာအုပ်ပါ။

ဒီစာအုပ်မှာ ဆောင်းပါးပေါင်း ၂၅ ပုဒ်ပါဝင်ပြီး စာမျက်နှာ ၁၇၀ ကျော် ရှိပါတယ်။

စာအုပ်ထဲမှာတော့ ထုတ်ဝေသူက အမည်ပေးထားတဲ့အတိုင်း ထားဝယ်ဒေသရဲ့ လူမှုစီးပွားလုပ်ငန်းတွေနဲ့ ထားဝယ်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ ဆောင်းပါးတွေကို စုစည်းထားတာ ဖြစ်ပါတယ်။

ရိုးရာယဉ်ကျေးမှုတွေထဲကဆိုရင် “ထားဝယ်သင်္ကြန်ပွဲ၊ ငါးခုံးမရေသွန်းပွဲအစ ထားဝယ်က၊ သျှင်မာလဲနှင့် ဝေဿန္တရာပွဲတော်၊ ထားဝယ်ထိမ်းမြားမင်္ဂလာ၊ သီတင်းကျွတ်လ ထားဝယ်ဒိန်းသံ၊ နာမသိဒ္ဓိဇာတ်ဒိန်းသံ၊ ထားဝယ်ရိုးကြက်ကိုး၊ ရှေးခေတ်ကျွဲတိုက်ပွဲဆောင်းပါးတွေ ပါဝင်ပါတယ်။

လူမှုစီးပွားအနေနဲ့ဆိုရင် ထားဝယ်ပွတ်ဆုံ ဆန်ကြိတ်ပုံ၊ ထားဝယ် ငါးပိလုပ်ငန်း၊ ထားဝယ်ဖျာရက်လုပ်ငန်း၊ ထားဝယ်မီးသွေးလုပ်ငန်း၊ ထားဝယ်အုတ်လုပ်ငန်း၊ ထားဝယ်ဘီးလုပ်ငန်း၊ ထားဝယ်ရက်ခမောက်များ၊ ထားဝယ်ဖက်ဓနိဆေးလိပ်၊ ထားဝယ်ဓနိဖက်၊ ပိန္နဲပျဉ် ဆောင်းပါးတွေ ပါဝင်ပါတယ်။

ပလွေရှောင်ရွာအကြောင်း ပုံပြင်ကိုလည်း ဖတ်မှတ်နိုင်သလို တချိန်က အခြေခံပညာမှာ ပြဋ္ဌာန်းခဲ့ဖူးတဲ့ ရေကြောင်းသွားလာရွက်နာဝါဆောင်းပါးကိုလည်း ဗဟုသုတဖြစ်ဖွယ် ဖတ်မှာရမှာပါ။

တကယ်တော့ ဆရာကြီး ရွှေဝယ်ဧ ရေးသားပြုစုခဲ့တဲ့ဆောင်းပါးတွေက ရာချီရှိတာပါ။ ခုစာအုပ်ထဲမှာတော့ဆောင်းပါး (၂၅)ပုဒ်သာ စုစည်းနိုင်သေးတာကြောင့် တန်ဖိုးရှိလှတဲ့ ထားဝယ်ရိုးရာ ယဉ်ကျေးမှုဆောင်းပါးတွေ မပျောက်ပျက်နိုင်ဖို့ တတ်နိုင်သူတွေက ဆက်လက်စုဆောင်း ထုတ်ဝေသင့်ကြောင်း တိုက်တွန်းချင်ပါတယ်။

ပဲဒက်ရေပူစမ်း

November 10, 2024,

Tanintharyi Gallery

သရက်ချောင်းမြို့နယ် ၊ပဲဒက်ရွာမှာရှိတဲ့ ပဲဒက်ရေပူစမ်းကတော့ ထားဝယ်ကနေ မြိတ်လမ်းအတိုင်းသွားရင် ပဲဒက်အထိ မိုင် ၆၀၊အဲဒီကမှ ရေပူစမ်းရှိရာ အရှေ့ဘက်ကို ၇ မိုင်လောက်သွားရပါတယ်။

တိုင်းပြည်တည်ငြိမ်အေးချမ်းတဲ့တစ်နေ့…. ခရီးတွေသွား လေ့လာကြသေးတာပေါ့။

တွေ့ရနည်းသွားတဲ့ ထားဝယ်မုန့်တွေ

October 20, 2024,

Tanintharyi Gallery